News

POST TYPE

POPULAR POST

မကွေးမြို့ပေါ်ရှိ ကုန်တိုက်များနှင့် စတိုးဆိုင်များတွင် သက်တမ်းလွန်အစားအသောက်များစွာရှိ
10-Apr-2018


မကွေး၊ ဧပြီ ၁၀

မကွေးမြို့ပေါ်ရှိ အိမ်ဈေးဆိုင်ငယ်များအပြင် ကုန်တိုက်ကြီးများနှင့် စတိုးဆိုင်ကြီးများတွင်လည်း သက်တန်းလွန်အစားအသောက်များစွာ သိမ်းဆည်းရမိရန်ကျန်ရှိနေသေးကြောင်း မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)ခုတွင် သက်တန်းလွန်စားသောက်ကုန်ပစ္စည်း အများအပြား ရှိသော်လည်း သွားရောက်စစ်ဆေးရန် ဝန်ထမ်းများအတွက်ငွေကြေးနှင့် ယာဉ်ယန္တားအခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနထံမှ သိရသည်။

၂၀၁၇/၁၈ခုနှစ်အတွင်း မကွေးတိုင်းစားသုံးသူရေးရာဦးစီးဌာနက လိုက်လံစစ်ဆေးချက်များအရ အဆိုပါ ဆိုင်များတွင် ရောင်းချနေသော စားသုံးကုန်ပစ္စည်းများတွင် သက်တမ်းလွန်စားသုံးကုန်ပစ္စည်းများနှင့် ဆိုးဆေးအများအပြားအသုံးပြုထားပြီး ဖော်မလင်ပါဝင်သည့် အစားအစာများတွေ့ရှိရကြောင်း အဆိုပါ အစားအစာများအားစားသုံးမိပါက ဘေးထွက်ဆိုးကျိုးအဖြစ် ကင်ဆာရောဂါနှင့် အဆုပ်ရောဂါများ ဖြစ်ပေါ်နိုင်ကြောင်း တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးကျော်စွာဝင်းက ဆိုသည်။

" လုပ်ငန်းရှင်တွေက မလိမ်သင့်ဘူး။ ဒါက အမျိုးသားရေးပြဿနာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ မျိုး ဆက်သစ်ကလေးငယ်တွေ မှန်ကန်တဲ့အစားအစာတွေစားရဖို့ လိုပါတယ်။ ဘေးထွက်ဆိုးကျိုး ရှိတဲ့အစားအစာတွေစားမိရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါမျိုးစုံဖြစ်လာနိုင်ပါတယ် " ဟု ၎င်းက ပြောကြားသည်။

လတ်တလောမကွေးတိုင်းအတွင်းရှိ မကွေးခရိုင် ပခုက္ကူ ခရိုင်နှင့် ဂန့်ဂေါခရိုင်တို့တွင် ၂၀၁၇/၁၈ ဘဏ္ဍာနှစ် အတွင်း (၄)ကြိမ်မြောက်အဖြစ် သက်တန်းလွန်စားသောက်ကုန်ပစ္စည်းကျပ်(၂၅)သိန်းကျော်ဖိုးကို မီးရှို့ဖျတ်ဆီးပြီးဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။

လွင်အေး