News

POST TYPE

POPULAR POST

ဘဏ္ဍာငွေအလွဲသုံးစားပြုလုပ်သည်ဟုဆိုကာ ရခိုင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးကို စစ်ဆေးမည်
10-Apr-2018
စစ်တွေ၊ ဧပြီ ၁၀

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး အခွန်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ဘဏ္ဍာငွေအလွဲသုံးစားလုပ်သည်ဟုဆိုကာ ယင်းပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့၍ စစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

၎င်းသည် ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်၏ ခွင့်ပြုရန်ပုံငွေများကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် မြို့နယ်အလိုက်ဆောင်ရွက်ရမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထိခိုက်ဆုံရှုံးမှုများရှိနေရာ တာဝန်မှရပ်စဲရန် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက လက်မှတ်ရေးထိုးပြီး တင်ပြလာ၍ ဧပြီ ၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
" မနှစ်က ပိုလျှံရန်ပုံငွေတွေနဲ့ မြို့နယ်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဘတ်ဂျက်ငွေတွေ ချပေးတာမှာ မြို့နယ်အချို့မှာ (ကျပ်)သန်း ၁၀၀ ကျော်လောက် ပျောက်သွားတယ်။ အဲဒီအခါ သူ့ကို လွှတ်တော်မှာပြော တယ်။ ပြဿနာမဖြစ်အောင်လို့ပေါ့။ ဒီလိုငွေတွေ ပျောက်နေပြီလို့ပြောတော့ ကျွန်တော်လည်း အလုပ်များတဲ့ အတွက် မစစ်ဆေးနိုင်ဘူးလို့ ပြန်ဖြေတယ် " ဟု ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်းက ပြောဆိုသည်။

ထို့ပြင်လွှတ်တော်က ယခုနှစ် ဧပြီ မှ စက်တင်ဘာလအထိ ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)၌ အဆိုပြုထားသည့် လုပ်ငန်းများအတိုင်းမဟုတ်ဘဲ လုပ်ငန်းသစ်များနှင့် အချို့လုပ်ငန်းများတွင် အမှန်တကယ်ကုန်ကျမည်ထက် အသုံးစရိတ်ပိုတောင်းထားခြင်း များလည်းရှိသဖြင့် ဖြတ်တောက်မှုမရှိအောင်ညှိနိုင်းသော်လည်း လက်မခံသည့်အတွက် ကျပ် ၆ ဘီလံယံကျော် ဖြတ်တောက်လိုက်ရာ ရခိုင်ပြည်အတွက် များစွာနစ်နာမှုရှိကြောင်း ယင်းအပြင် အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူရာတွင်လည်း ဒေသခံကုမ္ပဏီများကို ဦးစားမပေးဘဲ အခြားကုမ္ပဏီများကို ချပေးခြင်းများရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ဝန်ကြီး ဦးကျော်အေးသိန်းကို ထိုသို့စွပ်စွဲခြင်းများ မှန်မမှန်ကို စုံစမ်းစစ်ဆေးရန်အတွက် သံတွဲမြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေး ဦးဆောင်ကာ ကိုယ်စားလှယ် ၅ ဦးဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး မေလ ၃၀ ရက်နေ့၌ စစ်ဆေးချက်များကို လွှတ်တော်သို့တင်ပြရမည်ဖြစ်ကြောင်း ယင်းလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

R-22