News

POST TYPE

POPULAR POST

သတင်းသမားဟုဆိုသူများက သစ်သယ်လာသည့်ကားကို တိုက်ခိုက်
10-Apr-2018
တောင်ငူ၊ ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်ရန် လိုအပ်သည့်သစ်များကို ကားဖြင့် သယ်ဆောင်လာသည့် လူငယ်အဖွဲ့ကို ဧပြီလ ၈ ရက်နေ့ညပိုင်းက ရန်ပြုတိုက်ခိုက်ခဲ့သည့် သတင်းမီဒီယာ အဖွဲ့မှဟုဆိုသူများကို စာနယ်ဇင်းကောင်စီထံတိုင်ကြားမည်ဖြစ်ကြောင်း ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောကြားသည်။

' ရွှေကျင်ရဲစခန်းမှာတော့ ၉ ရက်နေ့က အမှုဖွင့်လှစ်လိုက်ပါပြီ။ သူတို့က သစ်ကားတွေကို လိုင်းကြေတောင်း နေကြတဲ့အဖွဲ့ပါ။ သတင်းမီဒီယာကောင်စီနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကိုပါ ဒီနေ့တိုင်ကြားဖို့ လုပ်နေပါပြီ " ဟု ၎င်းက ပြောကြားသည်။

ဗဟိုမဏ္ဍပ်ဆောက်လုပ်ရန်အတွက် ရွှေကျင်ဒေသခံ ဦးစိုးထွန်း(၃၆ နှစ်)ဦးဆောင်သည့် လေးဦးက ဖောကား တစ်စီးဖြင့် ဒနီးဖားသစ်ဆိပ်မှ သစ်များငှားရမ်းသယ်ဆောင်လာစဉ် ရွှေကျင်ရေအား လျှပ်စစ်သွားလမ်းမပေါ် အရောက် နေပြည်တော်တိုင်းဂျာနယ်မှဟုဆိုသည့် ဦးမျိုးဝင်း(ခ)ဝါဟစ် ဦးဆောင်သည့် အမျိုးသား ၁၂ ဦးခန့်က တုတ်ဓားလက်နက်များကိုင်ဆောင်ကာ ကြိမ်းမောင်းပြောဆိုခဲ့သည့်အပြင် လောက်လေးဂွများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဦးစိုးထွန်း၏ ကျောပြင်နှင့် လက်ကောက်ဝတ်များကို ကုံးသီးထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရွှေကျင်ဒေသခံ ဦးအောင်ဆက်ပိုင်က ပြောကြားသည်။

ယင်းကဲ့သို့စာနယ်ဇင်းသမားကျင့်ဝတ်နှင့်မညီညွတ်သည့် သတင်းမီဒီယာသမားများကို တိုင်ကြားလာပါက စစ်ဆေးတွေ့ရှိချက်ပေါ်မူတည်ပြီး တိုင်ကြားခံရသူကို နာမည်ပျက်စာရင်းကြေငြာခြင်း၊ သက်ဆိုင်ရာ မီဒီယာတိုက်ကို အကြောင်းကြားစာပေးပို့ပြီး ထိန်းသိမ်းဆောင်ရွက်စေမည်ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ဦးမျိုးဝင်း (ခေါ်) ဝါဟစ် ဦးဆောင်သည့် အဖွဲ့ကို ရွှေကျင်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ပေးထားသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အဆိုပါစခန်းမှူး ဒုရဲမှုး ကျော်လွင်ဦးက ဆိုသည်။

R-15