News

POST TYPE

POPULAR POST

ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များလက်ခံရေး မြန်မာဘက်မှ အဆင်သင့်ဖြစ်နေပြီဟု ဒေါက်တာ ဝင်းမြတ်အေးဆို
10-Apr-2018

ရန်ကုန်၊ ဧပြီ ၁၀


ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံဘက်က အဆင့်သင့်မဖြစ် သေးဟု လူသားချင်းစာနာမှုဆိုင်ရာ ဒုတိယ အကြီးအကဲ Ms .Ursual Mueller ၏ ပြောကြားချက်သည် မဟုတ်မှန်ဘဲ မြန်မာဘက်မှအဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ပြန်လည်တုန့်ပြန်ပြောဆိုသည်။ 


“ ကျွန်တော်တို့နဲ့တေွ့တုန်းကတော့ ကူညီထောက်ပံ့မှုတွေဆက်လုပ်ပေးမယ်။ ပူးပေါင်းဆောင်ရွက်ပေးမယ် လို့တော့ ဆွေးနွေးတယ်။ အခုဟိုဘက်နိုင်ငံလည်းရောက်တော့ ဘင်္ဂလားဒေ့ရှ်က ပြန်လာမယ့် ဒုက္ခသည်တွေကို မြန်မာအစိုးရက အဆင့်သင့်မဖြစ်သေးဘူးဆိုတဲ့ သတင်းတွေတက်လာတယ်။ ကျွန်တော်တို့ဘက်က အဆင့်သင့်ဖြစ်နေပြီ။ အဲဒါသူတို့ ထုံးစံဖြစ်နေတယ်။ နောက်ပြီးကျွန်တော်တို့နိုင်ငံကို ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းအသီးသီးက ဝင်လာရင် MOU ထိုးထားတဲ့ အဲဒီအတိုင်းဆောင်ရွက်ပါမယ် ” ဟု ၎င်းက ပြောဆိုသည်။ 


ထို့အပြင် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့် ဒုက္ခသည်များလက်ခံရေးကြန့်ကြာနေမှုနှင့်ပတ်သက်၍ ယင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နှင့် မြန်မာအစိုးရတို့သည် ဧပြီ ၁၁ နှင့် ၁၂ ရက်နေ့များတွင် ယင်းနိုင်ငံသို့သွားရောက်ဆွေးနွေးမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များကို သွားရောက်တွေ့ဆုံရန် စီစဉ်ထားကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။


လူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအကြီးအကဲ Ms. Ursual Mueller ၏ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ဧပြီ ၂ ရက် မှ ၈ ရက်နေ့အထိ ခြောက်ရက်တာခရီးစဉ်အပြီး ဧပြီ ၈ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုဆိုင်ရာအကူညီများလိုအပ်နေသေးပြီး ယင်းသို့အကူအညီပေးသူများကို ကန့်သတ်ချက်မရှိဘဲ သွားလာခွင့်ပြုရန် လက်တွေ့ကျသည့် လုပ်ဆောင်ချက်များပြုလုပ်ပေးရန်အတွက်လည်း ယင်းထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။


ထို့ပြင် ရခိုင်ပြည်နယ်အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် ထိခိုက်ခံရသည့် ဒုက္ခသည်များနှင့်တွေ့ဆုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့် ဒုက္ခသည်များလက်ခံရေးစခန်းများ၌ မီးလောင်ပျက်စီးခဲ့သည့်နေရာများကို ဘူလ်ဒိုဇာများဖြင့် ဖယ်ရှားခံခဲ့ရသည့် ကျေးရွာများသို့သွားရောက်ခဲ့ကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။


ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်ဒုက္ခသည်များကို အစိုးရအနေဖြင့် လွတ်လပ်စွာသွားလာခွင့်၊ အသက်မွေးဝမ်းကျောင်း၊ ကာကွယ်စောင့်ရှောက်မှု၊ ပညာရေး ဝန်ဆောင်မှုများ ဖြေရှင်းပေးရန်လိုအပ်ကြောင်း ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ တုန့်ပြန်ရေးစီမံကိန်းများလုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော်တောင်းထားကြောင်း ၎င်းကဆိုသည်။ 


မစ္စ Ursual Mueller မြန်မာနိုင်ငံအတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ရခိုင်အပါအဝင် ကချင်နှင့် ရှမ်းပြည်နယ်တို့သို့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူညီများလိုအပ်သည့် အခြေအနေကို သိရှိရန်အတွက် ဧပြီ ၂ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။


J-18