News

POST TYPE

POPULAR POST

မြောင်းမြ-ငပုတောကားလမ်းပေါ်တွင် ဇက်ဆိပ်တည်ဆောက်မည်
09-Apr-2018



ပုသိမ်၊ ဧပြီ (၉)


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နှင့် ငပုတောမြို့ကို ဆက်သွယ်ထားသည့် မြောင်းမြ-ငပုတော ကားလမ်းပေါ်ရှိ ညောင်ချောင်းလေး ကျေးရွာအနီးတွင် ပမ္မဝတီမြစ်ကို ဖြတ်ကူးရန်အတွက် ဇက်ဆိပ်တစ်ခု အမြန်တည်ဆောက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။


“မြောင်းမြမြို့နေရာ တစ်ခုတည်းကပဲ ဇက်ကူးနေရရင် နောက်ပိုင်းမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်၊ ဒါကြောင့်မြောင်းမြ-ငပုတော လမ်းပေါ်မှာရှိတဲ့ ညောင်ချောင်းလေးရွာမှာ ဇက်ဆိပ်ဆောက်မှာပါ၊ အမြန်ဆုံးပြီးစီး အောင်ဆောက်ဖို့ ပြောထားပါတယ် ”ဟု ဝန်ကြီး ဦးဝင်းဌေးက ဆိုသည်။


ဇက်ဆိပ်ဆောက်မည့်နေရာသို့ ကွင်းဆင်းတိုင်းတာပြီး၍ ယမန်နေ့မှစ၍ ကျောက်ကြီးများလည်း ချနေကြောင်း၊ ယခုတည်ဆောက်မည့် ဇက်ဆိပ်နေရာသည် ငပုတောမြို့နှင့် ၂ မိုင်ကျော် ကွာဝေးသဖြင့် ဇက်ဆိပ် တည်ဆာက်ပြီးပါက လပွတ္တာမြို့မှ ကားများသည် မြောင်းမြသို့မသွားဘဲ အဆိုပါဇက်ဆိပ်မှ ဇက်ကူး၍ ပုသိမ်သို့ သွားနိုင်မည်ဖြစ်ကြောင်း ငပုတောမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ဆိုသည်။


ဇက်ဆိပ်တည်ဆောက်ပြီးပါက လပွတ္တာရှိ ကားများသည် မြောင်းမြမြို့သို့ သွားရောက်ရန် မလိုတော့ဘဲ အဆိုပါ မြောင်းမြ-ငပုတော လမ်းမှတဆင့် ညောင်ချောင်းလေး ဇက်ဆိပ်ကို ဖြတ်ကာ ငပုတောမြို့မှတစ်ဆင့် ပုသိမ်မြို့သို့ သွားရောက်နိုင်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။


(ဓာတ်ပုံ-လွှတ်တော်ကိုယ်စားလှယ်ရုံး)