News

POST TYPE

POPULAR POST

ဆက်သွယ်ရေးပုဒ်မများဖြင့် တရားစွဲခံရသည့် DVB မှ လက်ပံတန်းမြို့ခံ အလွတ်တန်းသတင်းထောက်ကို တရားရုံးမှ အပြီးလွှတ်
09-Apr-2018

ပြည် ၊ ဧပြီ ၉


ဆက်သွယ်ရေး ဥပဒေပုဒ်ဖြင့် တစ်နှစ်ခွဲကျော် တရားရင်ဆိုင်နေရသည့် DVB သတင်းဌာနမှ လက်ပံတန်း မြို့ခံ အလွတ်တန်းသတင်းထောက်ကို တရားစွဲသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက ကျေးအေးခဲ့သဖြင့် ဧပြီလ ၉ ရက်က လက်ပံတန်းမြို့နယ် တရားရုံးက အပြီးအပြတ် လွှတ်ပေးလိုက်သည်။


အလွတ်တန်းသတင်းထောက် ဦးဝဏ္ဍထွန်းကို အမှုဖွင့်စဉ်က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့သော်လည်း နောက်ပိုင်းတွင် မြို့နယ်ဥပဒေရုံးမှ ဆက်သွယ်ရေးပုဒ်မ ၆၈ (က)ဖြင့် ပုဒ်မပြောင်းလဲကာ တရားစွဲခဲ့ကြောင်း၊ ယင်းနောက် တစ်နှစ်ခွဲကျော် ရုံးချိန်း ၃၀ ခန့် တရား ရင်ဆိုင်ရပြီး နောက်ပိုင်းတွင် အပြီးလွှတ်ပေးလိုက်ခြင်းဖြစ်သည်။ 


“တရားလိုဘက်က အမှုကိုကျေအေးပေးလိုက်တယ်ပေါ့ ဒါကြောင့်မို့လို့ တရားရုံးကနေ ကျေအေးပေးလိုက်တာပါ ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ အရ လွှတ်ပေးလိုက်တာပါ”ဟု တရား ရင်ဆိုင်ခဲ့ရသူ DVB အလွတ်တန်းသတင်းထောက် ဦးဝဏ္ဍထွန်း၏ ရှေ့နေ ဦးရဲမြတ်အောင်က ပြောသည်။


လက်ပံတန်းမြို့နယ် ရွာငံကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးက စိုက်ပျိုးစရိတ် ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ငွေပိုထုတ်ယူသည်ဆိုသည့်သတင်းကို ရုပ်သံရိုက်ကူးကာ သတင်းဌာနသို့ ပို့ခဲ့သော်လည်း အခြားတစ်ဦးမှ အဆိုပါ ရုပ်သံဖိုင်ကိုတင်ခဲ့ရမှ ဂုဏ်သိက္ခာ ထိခိုက်သည်ဟုဆိုက လိုင်းပေါ်တင်ခဲ့သူနှင့် သတင်းထောက် ဦးဝဏ္ဏထွန်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာလက ဆက်သွယ်ရေး ပုဒ်မဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ 


" အဓိကကတော့ ကျွန်တော်သတင်းလုပ်ငန်းလုပ်တယ် မီဒီယာကျင့်ဝတ်အတိုင်းရေးခဲ့တယ် တကယ်တကယ်ဖြစ်တုန်းက သူတို့လည်းစိတ်ဆိုးတယ် ခုကျတော့သူတို့လည်း သတင်းသမားက ဘယ်သူကိုမှမထိခိုက်စေပဲ သတင်းအလုပ် လုပ်တာကိုသိသွားတော့သူတို့ လည်းကျေအေးပေးတယ် ကြားထဲမှာ သတင်းအလုပ်တွေပျက်သွားတာတွေပဲနှမြောတယ်" ဟု DVBလက်ပံတန်းမြို့ခံ အလွတ်တန်းသတင်းထောက် ဦးဝဏ္ဏထွန်းကပြောသည်။


M06