News

POST TYPE

POPULAR POST

ရခိုင်ပြည်နယ်လွှတ်တော်က ဘတ်ဂျက် ၆ ဘီလီယံဖြတ်တောက်မှု ဥပဒေနှင့်အညီဆောင်ရွက်ဟုဆို
09-Apr-2018



စစ်တွေ၊ ဧပြီ ၉


ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလထိ ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း) ၌ လုပ်ငန်းအသစ်များနှင့် အသုံးစရိတ်ငွေများ ပိုနေခြင်းကြောင့် ဘတ်ဂျက် ၆ ဘီလီယံကျော် ဖြတ်တောက်ခြင်းမှာ ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေနှင့် အညီဆောင်ရွက်ရန်ပြောသဖြင့် ပြည်နယ်လွှတ်တော်က ဥပဒေနှင့်အညီ ဖြတ်တောက်ခြင်းဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြသန်း ကပြောသည်။


ဘတ်ဂျက် ၆ ဘီလီယံကျော်အား ဧပြီလ ၆ ရက်နေ့က ပြုလုပ်သောပြည်နယ်လွှတ်တော် ဖြတ်တောက်လိုက်ရာ ပြည်သူများ ဝေဖန်ပြောဆိုသဖြင့် ဧပြီလ ၉ ရက်က ရခိုင်ပြည်နယ်လွှတ်တော်တွင် သတင်းစားရှင်းလင်းပွဲ ပြုလုပ်၍ အထက်ပါအတိုင်း ပြောကြားသည်။


“လွှတ်တော်က ဖြတ်ချင်လို့၊ လျော့ချချင်လို့ မဟုတ်ဘူး၊ ဥပဒေ(မူကြမ်း)မှာ အဆိုပြုထားတဲ့ အခါမပါတဲ့ လုပ်ငန်းတွေ၊ လုပ်ငန်းအသစ်တွေပါလာတယ်။ အဲဒီအတွက် အစိုးရအဖွဲ့နဲ့ ညှိနိုင်းတော့ ဝန်ကြီးချုပ်က ဥပဒေနဲ့အညီလုပ်ဆိုတော့ ဥပဒေနဲ့အညီလုပ်ရတာ”ဟု ဦးမြသန်းက ပြောသည်။
ဥပဒေ (မူကြမ်း) ထဲမှအဆင့်မြင့် သုံးထပ်ဈေး ၅ ဈေး အပါအဝင် လုပ်ငန်း ၃၇ ခုကို ငြင်းပယ်လိုက်ပြီး အသုံးစရိတ်တိုး တောင်းဆိုထားသော လုပ်ငန်း ၃၃ ခုကို လျော့ချလိုက်ခြင်းဖြစ်သည်။


အစိုးရတစ်ရပ်သည် ဘတ်ဂျက် ကိစ္စနှင့်ပတ်သက်ပြီး အရေးကြီးနေသောအချိန်၌ ညှိနိုင်းမဆွေးနွေးဘဲ လုပ်ဆောင်မည်ဆိုပါက စဉ်းစားသင့်ကြောင်းနှင့် ညှိနိုင်းမှုကို လက်မခံခြင်းသည် ဒီမိုကရေစီ ဟုတ် မဟုတ် မေးခွန်းထုတ်စရာဖြစ်ကြောင်း လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ယနေ့ (ဧပြီ ၉ ) ရက်နေ့ ကျင်းပသော လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။


ယင်းသို့ဖြတ်တောက်ထားသော ၆ ဘီလီယံကျော်ကို ပြည်ထောင်စုအစိုးရကိုပြန်မအပ်ဘဲ ပြည်နယ်အစိုးရက ဘဏ်တွင် ထိန်းသိမ်းထားမည်ဟု အစိုးအရအဖွဲ့ထံမှ သိရကြောင်း ဦးမြသန်းက ဆိုသည်။

R-22