News

POST TYPE

POPULAR POST

တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကို အဂတိလိုက်စားမှုများဖြင့် စွဲချက်တင်
09-Apr-2018




ဆိုးလ်၊ ဧပြီ ၉


တောင်ကိုရီးယားနိုင်ငံသမ္မတဟောင်း လီမြောင်ဘတ်သည် သမ္မတရာထူးထမ်းဆောင်ခဲ့စဉ် အဂတိလိုက်စားမှုများကျူးလွန်ခဲ့သည်ဟု ဧပြီလ ၉ ရက်(တနင်္လာနေ့)တွင် စွဲချက်တင်ခံလိုက်ရကြောင်း CNA သတင်းဌာနကရေးသားဖော်ပြသည်။ 


အဆိုပါစွဲချက်ကြောင့် လီမြောင်ဘတ်သည် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရလာရန်ရှိသည့် တောင်ကိုရီးယား သမ္မတဟောင်းတစ်ဦးဖြစ်လာခဲ့ပြန်သည်ဟု သတင်းကဆိုသည်။ 


စီအီးအိုဘဝမှ သမ္မတဖြစ်လာခဲ့သူ မစ္စတာလီမြောင်ဘတ်သည် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တောင်ကိုရီးယားသမ္မတရာထူးကို ထမ်းဆောင်ခဲ့သည်။ အဆိုပါရာထူးရယူထားစဉ် လာဘ်စားမှု၊ အာဏာအလွဲသုံးစားမှု၊ အခွန်တိမ်းရှောင်မှု စသည်တို့ကျူးလွန်ခဲ့သည်ဟု အစိုးရရှေ့နေများက ကြေညာချက်ထုတ်ပြန်သည်။ 
ထိုသို့ သမ္မတဟောင် လီမြောင်ဘတ်ကို စွဲချက်တင်မှုသည် တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီး သမ္မတဟောင်း မစ္စပတ်ဂွမ်ဟီးအား တရားရုံးတော်က အဂတိလိုက်စားမှုများအတွက် ထောင်ဒဏ် ၂၄ နှစ်ချမှတ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်းပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။


သမ္မတဟောင်း လီမြောင်ဘတ် တရားမဝင်သောနည်းလမ်းများဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့မှုမှန်သမျှကို ရာဇဝတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် အသေးစိတ် စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်သည် ဟု တောင်ကိုရီးယားရှေ့နေ ဟန်ဒေါင်ဟွန်းက သတင်းထောက်များကို ပြောကြားသည်။ 


လီမြောင်ဘတ်သည် ပြီးခဲ့သည့် မတ်လအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော်လည်း အစိုးရရှေ့နေများ၏ စုံစမ်းစစ်ဆေးမှုခံမည်မဟုတ်ဟု ငြင်းဆိုခဲ့သည်။ ထို့ပြင် ၎င်းက မိမိအနေနှင့် သမ္မတရာထူးရယူထားစဉ်အတွင်း အမှားတစ်စုံတရာပြုလုပ်ခဲ့ခြင်းမရှိကြောင်း၊ ယခုလို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ကြိုးပမ်းခြင်းသည် နိုင်ငံရေးအရ လက်စားချေမှုသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ 


အကယ်၍ အစိုးရရှေ့နေများ၏ စွဲချက်တင်ထားသော စွပ်စွဲချက်များအတိုင်း ပြစ်မှုကျူးလွန်ခဲ့သည်မှာ ထင်ရှားခဲ့မည်ဆိုပါက သမ္မတဟောင်း လီမြောင်ဘတ်အနေနှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရနိုင်ကြောင်း နိုင်ငံပိုင် Yonhap သတင်းအေဂျင်စီက ဖော်ပြသည်။ 


လီမြောင်ဘတ်၏ အမှုကို လာမည့် မေလတွင်စတင် စစ်ဆေးမည်ဟု မျှော်လင့်ရကြောင်း ယင်းသတင်းအေဂျင်စီက ဆက်လက်ဖော်ပြသည်။


F-01