News

POST TYPE

POPULAR POST

အမေရိကန်နှင့် နျူကလီးယားအစီအစဉ်ကိစ္စဆွေးနွေးရန် မြောက်ကိုရီးယားအသင့်ဖြစ်
09-Apr-2018


ပြုံယမ်း၊ ဧပြီ ၉

အမေရိကန်ပြည်ထောင်စု သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့တွေ့ဆုံသည့်အခါ နျူကလီးယားလက်နက်အစီအစဉ်ကိစ္စကို ဆွေးနွေးရန် အသင့်ရှိနေပြီဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ပြည်ထောင်စုကို ကတိပေးလိုက်ကြောင်း အမေရိကန်အစိုးရအရာရှိကြီးများ၏ ပြောကြားချက်ကို BBC သတင်းဌာနက ကိုးကားဖော်ပြသည်။ 
အမေရိကန်အစိုးရအဖွဲ့မှ သတင်းရင်းမြစ်များအဆိုအရ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး၏ ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး နျူကလီးယားအပါအဝင် အရေးကြီးသည့်ကိစ္စများကို ထည့်သွင်းဆွေးနွေးသွားရန် စီစဉ်ထားသည်။ 

အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားထောက်လှမ်းရေးအရာရှိများသည် ယင်းထိပ်သီးဆွေးနွေးပွဲအတွက် အကြိမ်ပေါင်းများစွာ ဆက်သွယ်ပြောဆိုထားပြီဖြစ်သလို တတိယနိုင်ငံတစ်နိုင်ငံတွင် တွေ့ဆုံခဲ့ကြပြီးလည်းဖြစ်သည်ဟု သတင်းရင်းမြစ်များကဆိုသည်။ 

ကြုံတောင့်ကြုံခဲသဘောမျိုးဖြစ်လာမည့် အဆိုပါထိပ်သီးဆွေးနွေးပွဲကို လာမည့်မေလတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ထို့ပြင် ယင်းဆွေးနွေးပွဲသည် တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦး အနေနှင့် မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးနှင့် ပထမဆုံးအကြိမ်တွေ့ဆုံမည်ကိစ္စလည်းဖြစ်သည်။ 

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များဖျက်သိမ်းရေးကိစ္စကို ဖြေရှင်းသွားမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံကို အသိပေးပြောဆိုထားပြီးဖြစ်သည်။ 

အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်အသေးစိတ်၊ တွေ့ဆုံမည့်နေရာ စသည်တို့ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးပေ။

F-01