News

POST TYPE

POPULAR POST

ဇီဒန်းကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ဂျာဂင်ကလော့ပ်ကို နည်းပြသစ်ခန့်နိုင်ရန် ရီးရဲလ်မက်ဒရစ် ရည်မှန်းထား
09-Apr-2018

မက်ဒရစ်၊ ဧပြီ ၈

ရီးရဲလ်မက်ဒရစ်အသင်းသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် နည်းပြဇီဒန်းကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ယင်းနေရာကို အစားထိုးရန်အတွက် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကို ပထမဦးစားပေးအဖြစ် ပစ်မှတ်ထားကာ ဆက်သွယ်သွားလိမ့်မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လက်ရှိဘောလုံးရာသီတွင် အသင်းအနေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါက နည်းပြဇီဒန်းကို ရာထူးထုတ်ပယ်၍ ယင်းအစား နည်းပြသစ်တစ်ဦးခန့်ရန် စီစဉ်ထားပြီဖြစ်ပြီး ဒေါ့မွန်နှင့် လီဗာပူးတို့အတွက် ဂျာဂင်ကလော့ပ်က ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကို ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က လွန်စွာ သဘောကျလျက်ရှိသည်။

ရီးရဲလ်မက်ဒရစ်သည် လက်ရှိဘောလုံးရာသီတွင် လာလီဂါပြိုင်ပွဲတွင် ချန်ပီယံဖြစ်နိုင်ရန် အခွင့်အလမ်း လွန်စွာနည်းပါးသွားခဲ့ပြီဖြစ်သကဲ့သို့ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင်လည်း ပြိုင်ပွဲမှနေ၍ ထွက်လိုက်ရပြီဖြစ်ကာ  လက်ရှိတွင် ဘိုင်ယန်မြူးနစ်အသင်းကလည်း ၎င်းတို့၏နည်းပြသစ်အဖြစ် တာဝန်ယူပေးပါရန် ဂျာဂင်ကလော့ပ်ထံ ကမ်းလှမ်းဆက်သွယ်မှုများ ရှိနေသည်။

လီဗာပူးအသင်းတာဝန်ရှိသူများသည် ၎င်းတို့အနေနှင့် ဂျာဂင်ကလော့ပ်ကို မည်သည့်နည်းနှင့်မျှ အသင်းမှနေ၍ ထွက်ခွာခွင့်ပေးမည်မဟုတ်ဟု အတိအလင်းပြောကြားထားပြီး ဂျာဂင်ကလော့ပ်နှင့်လက်တွဲ၍ စီမံကိန်းပေါင်းများစွာကို အကောင်အထည်ဖော်ရန် လီဗာပူးက စီစဉ်ထားပြီးဖြစ်သည်ဟုလည်း ၎င်းတို့က အသိပေးသွားခဲ့သေးသည်။



  • VIA