News

POST TYPE

POPULAR POST

တောင်ငူ ဗကသ သံချပ်အဖွဲ့သြင်္ကန်တွင် မထွက်နိုင်
08-Apr-2018
တောင်ငူ၊ဧပြီ ၈

တောင်ငူခရိုင် ဗကသကျောင်းသားများ သံချပ်အဖွဲ့မှာ သံချပ်ထွက်ရန်ပြင်ဆင်ခဲ့သော်လည်း ငွေကြေး အဆင်မပြေ၍ ယခုနှစ်သြင်္ကန်တွင် သံချပ်မထွက်နိုင်တော့ကြောင်း ဦးဆောင်သူ ကိုအောင်ထက်က ပြောကြားသည်။

သံချပ်အသင်းအနေနှင့် သီးသန့် မထွက်ဖြစ်သော်လည်း မန္တလေး ဗကသအဖွဲ့က ထွက်မည့် “ဟိုထိုးဒီထိုး ရွှေလက်ညိုး”အဖွဲ့နှင့် သွားရောက်ပူးပေါင်းမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ သံချပ်အဖွဲ့မှာ ၂၀၁၇ ခုနှစ် သြင်္ကန်တွင် ဖျော်ဖြေခဲ့သော သံချပ်စာသားကြောင့် တပ်မတော်၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဟုဆိုကာ တရားစွဲဆိုခံခဲ့ရသည်။

၂၀၁၇ ခုနှစ် ဧပြီက ကျင်းပခဲ့သည့် တောင်ငူမြို့နယ် မဟာသြင်္ကန်ပွဲတော်ကြီးတွင် သံချပ်ထိုးခဲ့ကြသည့် ဗကသကျောင်းသားများအဖွဲ့ ကေတုအိုး ဝေးသံချပ် စာသားများသည် တပ်မတော်၏ပုံရိပ်ကို ထိခိုက်စေသည်ဟုဆိုပြီး တောင်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက သံချပ်အဖွဲ့ခေါင်းဆောင်နှစ်ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် အမှုကို ရုပ်သိမ်းခဲ့သည်။

ဧပြီလ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပမည့် သြင်္ကန်ပွဲတော် ဆုပေးမဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ်တွင် ဖြေဖျော် တင်ဆက်မည့် သံချပ်အဖွဲ့များကို ဆင်ဆာဖြတ်တောက်ခြင်းမရှိဘဲ ခွင့်ပြုမည်ဖြစ်ကြောင်း တောင်ငူမြို့ယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

ပဲခူးတိုင်း ခရိုင်မြို့ကြီးများတွင် လွန်ခဲ့သော နှစ် ၂၀ ခန့်က တပ်မတော်အစိုးရလက်ထက်တွင် သံချပ်အဖွဲ့ပေါင်း များစွာဖြင့် ခေတ်စနစ်ကိုထင်ဟပ်ပြီး အပြုသဘောဆောင်သော စာသားများဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် မြန်မာ့ရိုးရာ မဟာသြင်္ကန်ဗဟိုဆုပေးမဏ္ဍပ်ကြီးများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း၊၂၀၀၀ ခုနှစ် နောက်ပိုင်း တရားဝင် ယှဉ်ပြိုင်ခွင့်မရတာ့ဘဲ ဖြေဖျော်ရေးအသွင်ဆောင်သော သံချပ်အဖွဲ့များသာရှိတော့ကြောင်း တောင်ငူမြို့ခံ သံချပ်အဖွဲ့များထံမှ သိရသည်။

၁၉၈၈ ခုနှစ်အလွန် ၁၉၉၀ ခုနှစ်များက တောင်ငူမြို့ခံသံချပ်အဖွဲ့များဖြစ်ကြသည့် ကျီးဖြူ ကျီးမဲတစ်ကောင်တည်း၊ အဖြူရောင်အသဲ၊ ဧည့်သည်၊ ကျောင်းတော်သား၊ ပေါက်ပင် ဘာလို့ကိုင်းရတယ် စသည့် သံချပ်အဖွဲ့များက တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဆုပေးမဏ္ဍပ်ကြီးမှာပင်လျှင် ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း၊ ယခုနှစ် သြင်္ကန်သံချပ်အဖွဲ့ကိုးဖွဲ့ခန့်ထွက်နိုင်ကြောင်း သံချပ်ဝါသနာရှင်တစ်ဦးက ပြောသည်။

R-15


  • VIA