News

POST TYPE

POPULAR POST

ဂုတ်တွင်းကားလမ်း ၉နာရီကျော်ကြာ ပိတ်ဆို့
08-Apr-2018

လားရှိုး၊ ဧပြီ ၈

ရှမ်းပြည်နယ် နောက်ချိုမြို့နှင့်ကျောက်မဲမြို့ကြားဂုတ်တွင်းကားလမ်း ကျောက်မဲဘက်ခြမ်းမိုင်တိုင်အမှတ် ၈၄ / ၂-၃တွင် ယနေ့ (ဧပြီလ ၈ ရက်)နံနက် ၅ နာရီခွဲက ၂၂ ဘီး ကုန်တင်ယာဉ်တိမ်းမှောက်မှုကြောင့် ၉ နာရီကျော်ကြာ လမ်းပိတ်ဆို့ခဲ့ကြောင်း ကျောက်မဲမြို့ရှိ အမှတ် (၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

"ကျောက်မဲဘက်က သတင်းစာဂျာနယ်ရိုက်မယ့် စက္ကူတွေ တင်လာတဲ့ ၂၂ ဘီးကားနောက်တွဲလဲကျသွားတာ၊ အဆင်းလည်းဖြစ်၊ အကွေ့လည်းဖြစ်တယ်၊ လမ်းကျဉ်းနေရာလဲဖြစ်တော့ အတက် အဆင်းကားတွေ မဆင်းနိုင်တော့ပါဘူး၊ ရပ်စောင့်နေကြရတယ်”ဟု ကျောက်မဲမြို့ရှိ အမှတ် (၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲမှူး ကျော်ကျော်ထွန်းက ပြောဆိုသည်။

အဆိုပါ လမ်းပိတ်ဆို့မှုကြောင့် အတက်အဆင်း ခရီးသည်ကားနှင့် ကုန်တင်ကား၊ ကားငယ်များ အပါအဝင် ၁၀၀၀ ကျော်ခန့် ရပ်စောင့်နေရပြီး ယနေ့ မွန်းလွဲ ၂နာရီခွဲခန့်မှစ၍ ခရီးသည်ကားများကို အလှည့်ကျဖြင့် သွားလာခွင့်ပေးနေကြောင်း ၎င်းထံမှ သိရသည်။

ဂုတ်တွင်း လမ်းပိတ်မှုကြောင့် လားရှိုးမြို့နှင့် မူဆယ်မြို့သို့ ထွက်ခွာလာသော ခရီးသည်တင်ယာဉ်များ၊ ခရီးသည်ယာဉ်ငယ်များမှာ နောင်ချိုမြို့အနီးနှင့် ကျောက်မဲမြို့အထွက် နေရာများတွင် ရပ်တန့်စောင့်ဆိုင်းရကြောင်း ဒေသခံများထံမှ သိရသည်။

“ရန်ကုန်ကမနေ့ ညနေ ၄ နာရီက ထွက်လာတာ မနက် ၆ နာရီ နောင်ချိုရောက်တော့ လမ်းပိတ်နေလို့ ဆက်မသွားနိုင်တော့ ရပ်နေရတာ။ ၇ နာရီလောက်ကြာပြီ၊ လူက ပင်ပန်းနေသလို မိုးကလည်းရွာနေသေးတယ်”ဟု ရန်ကုန်မှ လိုက်ပါလာသူ မချမ်းမြအေးက ပြောဆိုသည်။

နောင်ချိုနှင့် ကျောက်မဲအကြားရှိ မိုင် ၂၀ ခန့်ရှိ ဂုတ်တွင်းကားလမ်းမှာ မကြာခဏ ယာဉ်ကြောပိတ်ဆို့ကြောင်း၊ ၂၀၁၇ ခုနှစ်က ၃၉ ကြိမ်၊ ယာဉ်ကြောပိတ်ဆို့ခဲ့ရာ ၅ ရက်နီးပိတ်ဆို့မှုတစ်ခု ပါဝင်ခဲ့ကြောင်း ၊ ဂုတ်တွင်း ယာဉ်ကြောပိတ်ဆို့မှု မကြန့်ကြာစေရေးအတွက် သက်ဆိုင်ရာ ဌာနများက ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်နေကြောင်း၊ သံမဏိကြိုးဆိုင်းတံတားသစ်ကြီးတစ်စင်း တည်ဆောက်ရန်လည်း စီစဉ်နေကြောင်း Oriential Highway Co.Ltd ထံမှ သိရသည်။

အဆိုပါလမ်းတွင် တိမ်းမှောက်နေသော ကားပေါ်မှ ပစ္စည်းများ ပြန့်ကြဲနေသဖြင့် ပြန်လည် သိမ်းဆည်းရန် ခက်ခဲခြင်း၊ မိုးရွာထားသဖြင့် မော်တော်ယာဉ်ရွေ့ပြောင်းရန် ခက်ခဲခြင်းတို့ကြောင့် လမ်းပိတ်ဆို့မှု ကြန့်ကြာနေရကြောင်း ကျောက်မဲမြို့ရှိ အမှတ် ၁၉ ယာဉ်ထိန်းရဲတပ်ဖွဲ့စုထံမှ သိရသည်။

R-07
ဓာတ်ပုံ- ရဲတပ်ဖွဲ့


  • VIA