News

POST TYPE

POPULAR POST

အီတီဟတ်ဒ်ကို ဖျော်ဖြေမှုပေးရန် ရောက်လာသည့် လူရွှင်တော်များ မဖြစ်စေနှင့် ဟူသော မော်ရင်ညို၏စကားက အသင်းသားများ၏မခံချင်စိတ်ကို မြင့်တက်သွားစေခဲ့သည်ဟု စမောလင်း ရှင်းပြ
08-Apr-2018

မန်ချက်စတာ၊ ဧပြီ ၈

မန်ယူက မန်စီးတီးကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် မန်ယူအတွက် အဖိုးတန် တတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည့် နောက်ခံလူ စမောလင်းသည် ၎င်းတို့အနေနှင့် မန်စီးတီးကို နောက်ကလိုက်၍ အနိုင်ကစားနိင်ခဲ့သည်မှာ ပထမပိုင်းပြီးဆုံးချိန်တွင် အဝတ်လဲခန်းအတွင်း၌ နည်းပြမော်ရင်ညို ပြောကြားလိုက်သော စိတ်ဓာတ်မြှင့်တင်ရေးစကားများကြောင့်ဖြစ်သည်ဟု အသိပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မန်စီးတီးနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါမန်ချက်စတာဒါဘီပွဲစဉ်တွင် ပထမပိုင်း ၄၅ မိနစ်ပြီးဆုံးချိန်၌ မန်စီးတီးက ပွဲကို နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ထားခဲ့ပြီး ယင်းအတွက် ပွဲရပ်နားချိန် ၁၅ မိနစ်အတွင်း အသင်းအဝတ်လဲခန်း၌ မော်ရင်ညိုက ၎င်း၏ကစားသမားများကို စိတ်ဓာတ်မြှင့်တင်ရေးစကားများ ပြန်လည်ပြောကြားခဲ့ရခြင်းဖြစ်သည်။

မော်ရင်ညိုသည် အသင်းကစားသမားများကို မန်စီးတီးအသင်းပိုင် အီတီဟတ်ဒ်ဘောလုံးကွင်းအတွင်း၌ မန်စီးတီးကစားသမားများနှင့် မန်စီးတီးပရိသတ်များကို လာရောက်အသုံးတော်ခံဖျော်ဖြေပြနေသည့် လူရွှင်တော်များဘဝသို့ ရောက်မသွားစေနှင့်ဟု မှာကြားခဲ့ကြောင်း စမောလင်းက ပြောကြားသွားခဲ့ပြီး မန်စီးတီးမှာ အစောပိုင်း၌ မန်ယူကို အနိုင်ရလိုက်သည်နှင့် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့မည်ဖြစ်သော်လည်း လက်ရှိတွင်မူ အနိမ့်ဆုံးအဖြစ် ပွဲစဉ်နှစ်ပွဲခန့် ထပ်မံစောင့်ဆိုင်းရမည့်အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ပြီဖြစ်သည်။

သတင်းမီဒီယာများနှင့်တွှေဆုံခဲ့ရာတွင် စမောလင်းက “ပထမပိုင်းပြီးတော့ ကျွန်တော်တို့အားလုံး ရှက်လည်းရှက်၊ ဝမ်းလည်းနည်း၊ စိတ်လည်းပျက်ခဲ့ကြရပါတယ်။ ဒါပေမဲ့ အဝတ်လဲခန်းထဲရောက်ချိန်မှာ နည်းပြမော်ရင်ညို ပြောလိုက်တဲ့စကားတွေကြောင့် ကျွန်တော်တို့အားလုံး ခွန်အားတွေ ပြန်ရခဲ့တာပါ။ မန်စီးတီးကစားသမားတွေနဲ့ မန်စီးတီးပရိသတ်တွေက မင်းတို့ကို လူရွှင်တော်တွေလို သဘောထားပြီး အောင်ပွဲခံမှာကို မမေ့လိုက်နဲ့၊ အဲ့ဒီလို မဖြစ်စေနဲ့လို့ နည်းပြကနေ မှာကြားလိုက်တာကြောင့် ကျွန်တော်တို့အားလုံး မခံချင်စိတ်တွေဖြစ်လာခဲ့ပါတယ်။ အဲ့ဒီစိတ်နဲ့ ကြိုးစားခဲ့လို့ အဆုံးသတ်မှာ အောင်ပွဲရခဲ့တာပါ”ဟု ပြောကြားသွားခဲ့သည်။



  • VIA