News

POST TYPE

POPULAR POST

ရိုင်အိုလာနှင့် ဂွါဒီယိုလာတို့အနက် တစ်ဦးမှာ လူလိမ်ဖြစ်လိမ့်မည်ဟု မော်ရင်ညို မှတ်ချက်ပေး
08-Apr-2018

မန်ချက်စတာ၊ ဧပြီ ၈

မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက မန်စီးတီးကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ပေါ့ဂ်ဘာအပြောင်းအရွှေ့နှင့်စပ်လျဉ်း၍ နည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့သည့်စကားရပ်များအတွက် တုံ့ပြန်မှတ်ချက်ပေးသွားခဲ့ပြီး ယင်းကိစ္စတွင် ပေါ့ဂ်ဘာ၏အေးဂျင့်ဖြစ်သူ ရိုင်အိုအာနှင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့အနက် တစ်ဦးက လူလိမ်ဖြစ်လိမ့်မည်ဟု မော်ရင်ညိုက ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ဂွါဒီယိုလာသည် အေးဂျင့်ရိုင်အိုလာမှာ လွန်ခဲ့သည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ ပေါ့ဂ်ဘာနှင့် မစ်ခီတာယန်တို့ မန်စီးတီးထံသို့ ပြောင်းရွှေ့ခွင့်ရနိုင်စေရန် ၎င်းဘက်က မန်ယူထံသို့ ကမ်းလှမ်းဆက်သွယ်စေလိုကြောင်း တောင်းဆိုပန်ကြားခဲ့ဖူးပြီး မန်စီးတီးက အလိုမရှိခြင်းကြောင့်သာလျှင် ပေါ့ဂ်ဘာမှာ လက်ရှိအချိန်တိုင်သည်အထိ မန်ယူထံတွင် ဆက်ရှိနေခြင်းဖြစ်သည်ဟု ဂွါဒီယိုလာက ပြောကြားသွားခဲ့သည်။

အေးဂျင့် ရိုင်အိုလာနှင့် နည်းပြ ဂွါဒီယိုလာတို့သည် ဘာစီလိုနာထံတွင် ရိုင်အိုလာ၏ကစားသမားတစ်ဦးဖြစ်သူ အီဘရာဟီမိုဗစ် ကစားသမားဘဝဖြတ်သန်းခဲ့စဉ်ကာလ၌ အီဘရာဟီမိုဗစ်ကို ဂွါဒီယိုလာက စွမ်းဆောင်ရည်ကောင်းမွန်ပါလျက်နှင့် နေရာမပေးခဲ့သည့်အတွက် ပုဂ္ဂိုလ်ရေးအရ မကျေလည်မှုများဖြစ်ပွားခဲ့ဖူးပြီး များမကြာမီကပင် ရိုင်အိုလာက ဂွါဒီယိုလာကို ခွေးနှင့်ခိုင်းနှိုင်း၍ စော်ကားဝေဖန်ခဲ့ဖူးသည်။

ရိုင်အိုလာသည် ပေါ့ဂ်ဘာနှင့် မစ်ခီတာယန်တို့ကို မန်စီးတီးသို့ ပြောင်းရွှေ့ခွင့်ရနိုင်စေရန် ၎င်းက ဂွါဒီယိုလာထံသို့ ဆက်သွယ်ပန်ကြားခဲ့သည်ဆိုခြင်းမှာ သတင်းမှားများသာဖြစ်သည်ဟု ပြောကြားထားပြီး ၎င်း၏ကစားသမားများကို ခေါ်ယူရန်အတွက် ၎င်းအနေနှင့် မည်သည့်နည်းပြကိုမျှ ခယတောင်းပန်ခဲ့ဖူးခြင်း မရှိပါကြောင်းလည်း ရိုင်အိုလာက ပြောကြားထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ရိုင်အိုလာနဲ့ ဂွါဒီယိုလာတို့ နှစ်ယောက်လုံးက သူပြောတာ အမှန်၊ ငါပြောတာ အမှန် လုပ်နေကြတာပါပဲ။ ဒါဆို တစ်ယောက်က မှန်ခဲ့ရင် နောက်တစ်ယောက်က လိမ်တာဖြစ်သွားပါပြီ။ အဲ့ဒီလို အရှုပ်အထွေးတွေကို ကျွန်တော် စိတ်မဝင်စားပါဘူး။ ကျွန်တော့်ရဲ့တာဝန်က ရှေ့လာမယ့်ပွဲတွေမှာ အသင်းစွမ်းဆောင်ရည်ကို ပိုကောင်းအောင် လုပ်ပေးဖို့ပါပဲ”ဟု အသိပေးသွားခဲ့သည်။



  • VIA