News

POST TYPE

POPULAR POST

ရန်ကုန်မြို့လယ်တွင် နေ့ခင်းကြောင်တောင် လူသတ်မှုဖြစ်၊ ခုန်ချထွက်ပြေးရာမှ ကျူးလွန်သူပါ သေဆုံး
18-Sep-2016
ရန်ကုန်၊ စက်တင်ဘာ ၁၈

ကျောက်တံတားမြို့နယ် (၃၅) လမ်း (အလယ်ဘလောက်) သုံးလွာတိုက်ခန်းတွင် ယနေ့ (စက်တင်ဘာ ၁၈ ရက်) မွန်းလွဲပိုင်းက မိသားစုကိစ္စ အချင်းများရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှ ကနဦး သတင်းရရှိသည်။

သန်လျင်မြို့နယ်တွင် နေထိုင်သော အသက် ၄၅ နှစ်အရွယ် အမျိုးသားမှာ ယနေ့ နံနက် ၁၀ နာရီကျော်က အဒေါ်ဖြစ်သူ မိသားစု နေထိုင်ရာ အဆိုပါ တိုက်ခန်းသို့ ဒန်ပေါက်ထုပ် နှစ်ထုပ် ယူဆောင်၍ ရောက်ရှိလာခဲ့ကြောင်း၊ နေ့လယ်စာ အတူစားသောက်ပြီးနောက် မိသားစုကိစ္စ စကားပြောရာမှ အချင်းများခဲ့ပြီး လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သေတဲ့သူနဲ့ ကျူးလွန်တဲ့သူက ဆွေမျိုးတော်စပ်ပါတယ်။ ရပ်ကွက်က လူတွေက အော်သံကြားလို့ အိမ်ရှေ့လှေကားကနေ ဝိုင်းတက်တဲ့အချိန်မှာ ကျူးလွန်သူ အမျိုးသားက တိုက်နောက်ဘက်ပေါက်က ခုန်ချရင်း သေဆုံးသွားပါတယ်။ လောလောဆယ် အသေးစိတ် မပြောနိုင်သေးပါဘူး” ဟု ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သံတုတ်ဖြင့် ရိုက်နှက်ခံရမှုကြောင့် အသက် ၆၀ ကျော်အရွယ် ဒေါ်မွှေးမှာ လည်ပင်းနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့ကာ ရန်ကုန်ဆေးရုံကြီး အရောက်တွင် သေဆုံးခဲ့ပြီး အသက် ၄၃ နှစ် အရွယ်ရှိ သမီးဖြစ်သူမှာ ဦးခေါင်းဒဏ်ရာအချို့ ရရှိခဲ့ကြောင်း ကျောက်တံတား မြို့မရဲစခန်းမှ ဒုရဲမှူးက ပြောကြားသည်။

ကျူးလွန်ခဲ့သည့် အမျိုးသား ခုန်ချခဲ့သော အဆိုပါ နေအိမ်အခန်းတွင်းမှ ရွှေဆွဲကြိုးတစ်ကုံး တွေ့ရှိခဲ့ကြောင်း ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာထံမှ သိရသည်။

“မြို့လယ်ကောင်မှာ လုယက်မှုဆန်ဆန် ဖြစ်တာတော့ အံ့သြမိပါတယ်။ အနုကြမ်းစီးခဲ့တဲ့ ပုံစံတော့ မဟုတ်ပါဘူး။ မိသားစုချင်း မကျေလည်မှုတော့ ရှိနိုင်ပေမဲ့ အခုဖြစ်ခဲ့တဲ့ သားမိနှစ်ဦးက အရမ်းငွေကြေးချမ်းသာသူလည်း မဟုတ်ပါဘူး။ ကျွန်မတို့ကတော့ ဥပဒေလမ်းကြောင်း အတိုင်း ရပ်တည်ကူညီပေးသွားပါ့မယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ဓာတ်ပုံ - အောင်ဇော်ထူး