News

POST TYPE

POPULAR POST

စအိုထဲသို့ အဲယားကွန်ပရက်ဆာပိုက်ဖြင့် ထိုးသွင်းခံရသူ သေဆုံး
04-Apr-2018

ရန်ကုန်၊ ဧပြီ ၃

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဦးထွန်းညိုလမ်းရှိ စက်ရုံတစ်ခုတွင် ဧပြီလ ၂ ရက် နံနက် ၁၁ နာရီခွဲခန့်က အသက် ၃၆ နှစ် အရွယ် အမျိုးသားတစ်ဦး စအိုအတွင်းသို့ အဲယားကွန်ပရက်ဆာပိုက်ဖြင့် ထိုးသွင်းခံရပြီး သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

စအိုအတွင်း အဲယားကွန်ပရက်ဆာပိုက်ဖြင့် ထိုးသွင်းခံရမှုကြောင့် သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ ရှမ်းချောင်းရွာတွင်နေထိုင်သူ ကိုမျိုးလှိုင်ဖြစ်ပြီး ယင်းနေ့က စက်ရုံရှိစက်များအား သန့်ရှင်းရေး ပြုလုပ်ပြီးနောက် အလုပ်အတူလုပ်ကိုင်သူ အမျိုးသားက စနောက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ပဲမှုန့်၊ ဖုန်မှုန့်များအား အဲယားကွန်ပရက်ဆာပိုက်ဖြင့် ထိုးသွင်းဖယ်ရှားစဉ် စအိုအတွင်းသို့ ပိုက်ခေါင်းဝင်ရောက်သွားပြီး ဝမ်းဗိုက်ပူလာကာ ရုတ်တရက်လဲကျသွားသဖြင့် အင်းစိန်ဆေးရုံကြီးသို့တင်ပို့ကုသစဉ် ဧပြီလ ၃ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်က သေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“အခုအမှုဖွင့်တိုင်ကြားသူက သေဆုံးသူရဲ့ ဝမ်းကွဲညီမပါ။ အစ်ကို ဆေးရုံရောက်နေတယ်ကြားလို့ သွားကြည့်တာ၊ ဆေးရုံရောက်တော့ အစ်ကိုဖြစ်သူရဲ့ဗိုက်မှာ ပူဖောင်းနေတယ်။ စကားလည်း မပြောနိုင်ဘူး၊ အဲဒါနဲ့ ဘေးမှာရှိတဲ့ စက်ရုံကလူတွေကို မေးကြည့်မှ ဖြစ်စဉ်ကို သိရတာ။ ပထမတော့ ရာဇသတ်ကြီးပုဒ်မ ၃၃၈ နဲ့ အမှုဖွင့်ထားတယ်။ အခု သေသွားပြီဆိုတော့ ပုဒ်မပြောင်းဖွင့်ရမှာပါ။ ပြစ်မှုကျူးလွန်တဲ့သူကိုလည်း ဖမ်းဆီးအရေးယူထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဲယားကွန်ပရက်ဆာလေပိုက်ကို ပေါ့လျော့စွာအသုံးပြုသည်ဟုဆိုသော လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာတွင်နေထိုင်သူ အသက် ၂၀ အရွယ် အမျိုးသားကို လှိုင်သာယာမြို့မရဲစခန်းက (ပ) ၁၂၂၉/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် ပြောင်းလဲအမှုဖွင့်ကာ အရေးယူထားကြောင်း သိရသည်။

J-16