News

POST TYPE

POPULAR POST

ဂန့်ဂေါတွင် အဋ္ဌမတန်းကျောင်းသားက ကျောင်းသူကို အဓမ္မကျင့်၍ အမှုဖွင့်
ချောက်၊ ဧပြီ ၃

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြင်းဇာကျေးရွာတွင် အဋ္ဌမတန်း (၈ တန်း) ကျောင်းသားက ၎င်းနှင့်အတန်းတူ ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်၍ ဧပြီ ၂ ရက်ညပိုင်းက အမှုဖွင့်လိုက်ကြောင်း ဂန့်ဂေါမြို့မရဲစခန်းထံမှ သိရသည်။

သို့သော် ကျောင်းသူဖြစ်သူအနေနှင့် မည်သည့်အချိန်က အဓမ္မပြုကျင့်ခဲ့သည်ဆိုသည်ကို မမှတ်မိတော့ဘဲ ကိုယ်ဝန်ရရှိနေချိန်မှသာ ၎င်း၏မိခင်ဖြစ်သူကသိရှိ၍ ဧပြီလ ၂ ရက်နေ့က အမှုလာရောက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မြင်းဇာကျေးရွာနေ အဋ္ဌမတန်းကျောင်းသူ (၁၄ နှစ်)သည် ကျောင်းပိတ်ရက်တွင် မြင်းဇာကျေးရွာအရှေ့ဘက် တစ်ဖာလုံခန့်ကွာဝေးသည့် အဒေါ်ဖြစ်သူ၏ ပဲစိမ်းငုံယာခင်းတွင် နွားကျောင်းနေစဉ် တစ်ရွာတည်းနေသူ အဆိုပါကျောင်းသား (၁၆ နှစ်) က သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ပြီး မိဘများကို ပြန်မပြောရန်နှင့် ပြန်ပြောလျှင် သတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သားမယားအဖြစ် အဓမ္မပြုကျင့်သူကို ဂန့်ဂေါမြို့မရဲစခန်းက အမှတ်စဉ် (ပ) ၁၂၅/၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ ၅၀၆ တို့ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ယင်းစခန်းထံမှ သိရသည်။

နေနိုင် (ချောက်)