News

POST TYPE

POPULAR POST

ကမ္ဘောဇဘဏ် ဥက္ကဋ္ဌပြောင်းလဲ
02-Apr-2018 tagged as KBZ


ရန်ကုန်၊ ဧပြီ ၂

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များတွင် အင်အား အတောင့်တင်းဆုံး ဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်၏ ဥက္ကဋ္ဌနေရာကို အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း ယင်းဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနေရာတွင် ဦးမြသန်းကို အစားထိုး ခန့်အပ်လိုက်ပြီး ဦးအောင်ကိုဝင်းကို ယင်းဘဏ်၏ နာယကအဖြစ် ဧပြီ ၂ ရက်နေ့က ပြောင်းလဲတင်မြှောက်လိုက်ခြင်းဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။ 

နိုင်ငံတကာရှိ ကုမ္ပဏီကြီးများ ပြုလုပ်သကဲ့သို့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတင်မြှောက်လိုက်ခြင်းဖြစ်ပြီး မူဝါဒများချမှတ်ခြင်း အပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာ အပြောင်းအလဲ များစွာ၏ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းကိုမူ ၎င်းကပင် ဆုံးဖြတ်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဦးအောင်ကိုဝင်း၏သမီးဖြစ်သူ ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

ကမ္ဘောဇဘဏ်ကို နိုင်ငံတကာအဆင့် အုပ်ချုပ်ရေးယန္တရား (Corporate Governance) သို့ တိုးတက်မြှင့်တင် ပြောင်းလဲမည့် ရည်မှန်းချက်ကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရန်အတွက် ဦးမြသန်းကို ကမ္ဘောဇဘဏ်၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ယခင်က နိုင်ငံတော်ပိုင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ၏ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် မြန်မာအရှေ့တိုင်းဘဏ် (MOB) ၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ကာ ယခုလက်ရှိမှာ ကမ္ဘောဇဘဏ်၏ Independent Director တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ယင်းစာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၁ ခုနှစ်အတွင်းက ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း စတင်ချမှတ်ခဲ့သည့် ကမ္ဘောဇဘဏ်၏ အနာဂတ် ရည်မှန်းချက်များနှင့်အညီ အလုပ်တာဝန်များကို အဆင့်ဆင့် ဆက်ခံမည့် အစီအစဉ်အရ ကမ္ဘောဇဘဏ် အကြီးတန်းအရာရှိများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်အတွင်းက Mr. Mike De Noma ကို ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် ခန့်အပ်ခဲ့ကြောင်း ယင်းဖော်ပြချက်အရ သိရသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း ကမ္ဘောဇ ဘဏ်ခွဲပေါင်း ၅၀၀ အထိ ဖွင့်လှစ်ထားပြီး စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၌ ၂၀၁၆၊ ၂၀၁၇ ခုနှစ်များအတွင်းက မြန်မာနိုင်ငံ၏ ပုဂ္ဂလိကဘဏ်များအတွင်း ပထမဆုံး ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်များအဖြစ် ရရှိထားသည်။

S-04