News

POST TYPE

POPULAR POST

ရန်ကုန်တွင် ကီလိုတက္ကစီများ စပြေး
01-Apr-2018


ရန်ကုန်၊ ဧပြီ ၁

ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများ လုံခြုံစိတ်ချစွာ စီးနင်းနိုင်ရန် အငှားတက္ကစီများက Kilo Taxi Group အဖြစ် ဖွဲ့စည်းပြီး အငှားယာဉ် ၂၁၈ စီးဖြင့် ဧပြီလ ၁ ရက်မှ စတင်ပြေးဆွဲခဲ့ကြောင်း အဆိုပါ အဖွဲ့တည်ထောင်သူ ဦးလင်းလင်းထွန်းက ပြောကြားသည်။

ဧပြီလ ၁ ရက် နံနက် ၆ နာရီက MCC မင်းဓမ္မခန်းမတွင် Kilo Taxi Group အဖွဲ့ စတင်ပြေးဆွဲခြင်း အခမ်းအနားကို ကျင်းပခဲ့ပြီး ကီလိုတက္ကစီခနှုန်းထားများနှင့်ကောက်ခံမည့်ပုံစံများကို ရှင်းလင်းခဲ့သည်။

“ယာဉ်မောင်းနဲ့ ခရီးသည်ကြား အဆင်မပြေတာတွေ မရှိအောင် ဈေးဆစ်နေရတာတွေ မရှိအောင် အခုလို ကီလိုတက္ကစီအဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။ Waiting Time တွေ ထည့်မတွက်ထားဘူးလေ”ဟု ၎င်းကဆိုသည်။

အငှားတက္ကစီခနှုန်းထားအနေနှင့် တစ်ကီလိုလျှင် ကျပ် ၃၀၀ သတ်မှတ်ထားပြီး အငှားတက္ကစီယာဉ် ၂၁၈ စီးဖြင့် နေ့စဉ်ပြေးဆွဲကာ မည်သည့်နေရာမဆို စတင်စီးနင်းမည်ဆိုပါက ဝန်ဆောင်ခအဖြစ် ကျပ် ၁၃၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ကားပေါ် တက်တက်ချင်း ၁၃၀၀ ဆိုပေမယ့် ခရီးသည်တွေအတွက် သင့်တင့်မျှတတဲ့ နှုန်းလောက်ပဲ ကျသင့်မှာ ဖြစ်တယ်။ ခရီးသည် လုံခြုံရေးအတွက်လည်း ဆောင်ရွက်ထားတယ်”ဟု ၎င်းကဆိုသည်။

Kilo Taxi Group အဖွဲ့ဝင် ယာဉ်မောင်းအနေနှင့် ခရီးသည်များ ပစ္စည်းမေ့ကျန်ခဲ့ပါက အဖွဲ့ကိုသတင်းပေးပို့ရန်၊ နီးစပ်ရာရဲစခန်းတွင် ပစ္စည်းကိုအပ်ခဲ့ရန် ညွှန်ကြားထားပြီး ခရီးသည် အချိန်မီ လာရောက်ယူနိုင်ရန် ယာဉ်မောင်း အမည်၊ ဖုန်းနံပါတ်၊ ID နံပါတ်ကို Kilo Taxi Group အဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ချက်ချင်းအသိပေး တင်ပြပေးမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

အငှားတက္ကစီနှုန်းထားအနေနှင့် တစ်ကီလိုလျှင် ကျပ် ၃၀၀ မှာ ပုံမှန်ဈေးနှုန်း ဖြစ်သော်လည်း ဝန်ဆောင်ခနှင့် ထည့်တွက်ပါက တက္ကစီခနှုန်းထားမှာ သာမန် အငှားတက္ကစီထက် ဈေးပိုကျမည်ဖြစ်ပြီး ခရီးသည်များအတွက် မည်မျှဝန်ဆောင်မှု ပေးနိုင်မည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၁၀ နှစ်ကျော်သက်တမ်းရှိ အငှားယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

“အခုလက်ရှိတောင် Grab က ယာဉ်စီးရေ အင်အားတိုးနေပြီလေ။ ကုမ္ပဏီတွေက လုပ်ငန်းသာနေတာပေါ့။ အခုလည်း ကီလိုတက္ကစီဂရု ပေါ်လာတော့ သာမန် အငှားတက္ကစီယာဉ်မောင်းတွေတော့ နေ့စဉ်ဝင်ငွေ လျော့နည်းမှာ သေချာတယ်”ဟု ၎င်းကဆိုသည်။

ယာဉ်မောင်းများ စုစည်းပြီး ပြေးဆွဲခြင်းဖြစ်ပြီး လက်တားစနစ်ဖြင့် ပြေးဆွဲခြင်းဖြစ်ကြောင်း၊ အငှားဝန်ဆောင်မှု ကုမ္ပဏီများနှင့် ပြိုင်ဘက်ဖြစ်လာစရာ မရှိကြောင်း၊ ပြေးဆွဲပုံချင်း မတူခြင်းကြောင့်လည်း ယခင်က ခရီးသည် ဈေးညှိ၍စီးနင်းရာမှ ဈေးညှိစရာ မလိုတော့သည့် အခြေအနေ တစ်ခုသာရှိကြောင်း Oway Ride ဒါရိုက်တာ ဦးကျော်မင်းဆွေက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း အငှားတက္ကစီဝန်ဆောင်မှုကို Oway Ride, Grab, Hello cab တို့ လုပ်ကိုင်လျက်ရှိသည်။ 

J-06