News

POST TYPE

POPULAR POST

ဆရာများ၏ ရင်ဖွင့်သံ - ကျူရှင်
21-Jul-2016
ပြီးခဲ့သည့်လပိုင်းအတွင်း ပညာရေးဝန်ကြီး ဌာနက နိုင်ငံ့ဝန်ထမ်း ဆရာများအနေနှင့် ကျောင်းချိန် ပြင်ပတွင် ကျူရှင်မသင်ကြားကြရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။ ကျူရှင် သင်ကြားကြောင်း တိုင်ကြားသူရှိလျှင် စစ်ဆေးရေးအဖွဲ့က စစ်ဆေး၍ နှုတ်ဖြင့် သတိပေးခြင်း၊ စာဖြင့် သတိပေးခြင်း၊ ခံဝန် လက်မှတ်ထိုးစေခြင်း၊ ရာထူးလျှော့ချခြင်း၊ တာဝန်ကျ ဒေသသို့ပြောင်းရွှေ့ခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မြန်မာနိုင်ငံ ပညာရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ပြောဆိုထားသည်။ ကျူရှင်မသင်ရ ညွှန်ကြားမှုသည် ၁၉၉၀ ခုနှစ် ကတည်းက အမိန့်ညွှန်ကြားစာ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။ ကျူရှင်ကိစ္စနှင့် ပတ်သက်၍လည်း ဆရာများ၊ မိဘများအကြား သဘောထားအမျိုးမျိုး၊ ထင်မြင်ချက်အမျိုးမျိုး အပြန်အလှန် ထုတ်ဖော်ပြောဆိုကြသည်ကို တွေ့ရသည်။ ကျူရှင်သင်ကြားခြင်းနှင့် ပတ်သက်၍ အခြေခံပညာ နိုင်ငံ့ဝန်ထမ်း ဆရာများ၏ သဘောထားများကို ဆရာများ၏ ရင်ဖွင့်သံကဏ္ဍ မှတစ်ဆင့် စုစည်း ဖော်ပြလိုက်ပါသည်။ 

“ကျူရှင်မသင်ရလို့ တားမြစ်ခြင်းကို ကျွန်တော့်အနေနဲ့ ကန့်ကွက်ပါတယ်”
ဦးအောင်ဆင့် (အထက်တန်းပြ၊ အထက(၅) လားရှိုး၊ ရှမ်းပြည်နယ်)

ကျူရှင်မသင်ရလို့ တားမြစ်ခြင်းကို ကျွန်တော့် အနေနဲ့ ကန့်ကွက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သမ္မာအာဇီဝအလုပ်ပဲ ကိုယ်တတ်သော ဆရာအတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းခြင်း၊ ထပ်ဆင့်ပညာ သင်ကြားခြင်းသာဖြစ်ပြီး ရာဇဝတ်မှုကို ကျူးလွန်နေတဲ့အလုပ် မဟုတ်လို့ပါ။ ဆရာတွေအနေနဲ့ ကျူရှင်သင်တာ ရတဲ့လစာနဲ့ မလုံလောက်ကြလို့လား၊ လုံလောက်ရင် မသင်ကြတော့ဘူးလား ဆိုတာနဲ့ ပတ်သက်လို့ မိသားစုသာမရှိခဲ့ရင် ရတဲ့လစာနဲ့ လုံလောက်ပါတယ်။ ကျန်းမာရေး၊ လူမှုရေး၊ သာရေးနာရေး ဒီလိုကိစ္စတွေ မလုပ်ရဘူး၊ မသွားရဘူးဆိုရင် ပေးတဲ့လစာနဲ့ လုံလောက်အောင် ဘယ်သူမဆို နေနိုင်ပါတယ်။ 

ကျွန်တော့်မိသားစုမှာဆိုရင် မိသားစု စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် ငွေကတော့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင် စာသင်တာက လွဲရင် တခြားဘာမှ မလုပ်တတ်ပါဘူး။ စာသင်ပြီးတော့ပဲ စားရပါတယ်။ မိသားစုအခက်အခဲ ကတော့ နိုင်ငံတော်ကရတဲ့ လစာ၊ ကျူရှင်သင်ရာက ရတဲ့လစာနဲ့ ပေါင်းပြီး တစ်လ၊ တစ်လ ဖြေရှင်းရပါတယ်။ ကျွန်တော် နေတာကတော့ ကျောင်းက လိုင်းခန်းပေးထားပါတယ်။ ဒါကလည်း လိုင်းခန်းရှိတဲ့၊ ရတဲ့ဆရာတွေမို့ပါ။ မရှိတဲ့၊ မရတဲ့ဆရာတွေဆိုရင် ငှားနေကြရမှာပါ။ ကျွန်တော်တို့ လားရှိုးဘက်မှာ ငှားနေရရင် ဒေသပေါက်ဈေး တစ်လကို သုံးသောင်း၊ လေးသောင်းထိ ရှိပါတယ်။ 

လစာ လုံလုံလောက်လောက် ရရင်ရော မသင်ကြဘူးလား ဆိုတာလည်း သင်တာကတော့ သင်ကြဦးမှာပါပဲ။ ဘာဖြစ်လို့လဲဆိုရင် အများတကာလို တူတူတန်တန်လေး နေချင်တဲ့ဆန္ဒတွေ ဆရာတိုင်းမှာ ရှိနေကြလို့ပါ။ ဒီနေရာမှာ ကျွန်တော့်အမြင်ကို ဖြည့်ပြောချင်တာလေး တွေရှိပါတယ်။ ဘာလို့ တစ်ကျူရှင်တည်းကျူရှင် ဖြစ်လာရသလဲ ဆိုတာပါ။ ဒါ ကျွန်တော်တို့ လက်တွေ့သင်ကြားရင်း သိနေရတဲ့အပိုင်းပါ။ မူလတန်းကနေစပြီး အထက်တန်းအထိ လပိုင်း မာတိကာနဲ့အညီ ဒီဇင်ဘာလပြီး အောင်သင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် သင်ခန်းစာတိုင်းကို မပြီးပြီးအောင် အမြန်သင်ရတယ်။ မပြီးပြီးအောင် သင်ပေးရတဲ့အတွက် တတ်အောင် မသင်ပေးနိုင်ဘူး။ နားလည်အောင် မလုပ်ပေးလိုက်နိုင်ဘူး။ 

စစ်ဆေးရေးကလည်း လာလာစစ်တယ်။ ဘယ်လမှာ သင်ခန်းစာ ဘယ်လောက်ပြီးရမယ်။ မပြီးရင် ဘာလို့မပြီးတာလဲ ဖြေရှင်းချက်တွေ ပေးရတယ်။ ကလေးတွေကလည်း အချိန်တန် နှစ်ဆုံးသွားရင် ကျက်ကျက် မကျက်ကျက် အောင်မှာပဲဆိုတဲ့အသိက အရွယ်ရောက် စကလေးတိုင်း မသိဘူးလို့ မထင်ပါနဲ့။ သူတို့ သိပါတယ်။ အဲဒီအခါ အိမ်ရောက်ရင် စာပြန်မကြည့်တော့ဘူး။ အိမ်စာတွေ မလုပ်ကြဘူး။ ကြိုးစားချင်တဲ့စိတ် နည်းပါးလာတယ်။ အဲဒီအခါ မိဘတွေက အိမ်မှာ စာမကျက်၊ စာမလုပ်တဲ့ ကလေးတွေကို စာကျက်၊ စာလုပ်အောင် ဆရာ၊ ဆရာမတွေဆီ အပ်ရင်းကနေ မရှိတဲ့(ပိုက်ဆံ)မိဘကလည်း သူတို့ သား၊ သမီး မျက်နှာ မငယ်ရလေအောင် မရရအောင် ရှာပြီးထားတယ်။ ရှိတဲ့(ပိုက်ဆံ) မိဘကလည်း သူ့ထက်ကောင်းတာပို့နဲ့ မိဘအချင်းချင်းကြား၊ ကလေးအချင်းချင်းကြား အပြိုင်အဆိုင်တွေ ဖြစ်လာတယ်။ လောဘမသတ်နိုင်တဲ့ ဆရာ၊ ဆရာမတွေကလည်း အခွင့်ကောင်းတစ်ရပ်လို့ အသုံးချတယ်။ 

ကျူရှင်သင်လို့ ပညာရေးစနစ် ပျက်တယ်ဆိုတာ ကလည်း ကျွန်တော်မကြိုက်တာက “ငါ့ကျူရှင် တက်ရမယ်” ဆိုတဲ့ ဆရာ၊ ဆရာမ၊ အတန်းပိုင်ပါ။ ကျွန်တော့်အမြင်အရ အဲဒီပြဿနာကလည်း မူလတန်းပိုင်းနဲ့ အလယ်တန်းပိုင်းမှာ အဖြစ်များတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အထက်တန်းပိုင်းမှာက အဲဒီလို ဘယ်သူမှ မပြောပါဘူး။ မခေါ်ပါဘူး။ ကျောင်းသားက ခေါ်စရာမလိုအောင် ကောင်းရာကို သွားကြတာဖြစ်ပါတယ်။ အထက်တန်းကျောင်းသား အများစုက ကျူရှင်ဆိုရင် သူ့ဆရာနဲ့သူ ရှိပြီးသားတွေ ဖြစ်ပါတယ်။ အလယ်တန်းနဲ့ မူလတန်းမှာ အတန်းပိုင်စနစ် ဆိုတာ ရှိတယ်။ မေးခွန်းဆိုတာလည်း သူတို့ဆီမှာရှိတယ်။ မေးခွန်းတင်တာ၊ ထုတ်တာက ကျောင်းအုပ်က ဘယ်လိုပဲ စီမံခန့်ခွဲပါစေ မေးခွန်းက သူတို့ ဘာသာရပ် ဆိုင်ရာ ဆရာတွေပဲ ထုတ်ရတာဖြစ်တဲ့အတွက် ဆရာအချို့(အနည်းစု)က အဲဒီလိုပြောတော့ အဲဒီ မူလတန်းပိုင်းနဲ့ အလယ်တန်းပိုင်းမှာ ပြဿနာတက်တာ ဖြစ်ပါတယ်။ 

ဒီလိုနဲ့ ကျူရှင်လောက တစ်စထက်တစ်စ ကြီးထွား လာတာပါပဲ။ ဒါပေမဲ့ နယ်တွေနဲ့ မြို့၊ ရွာ ကွာဟချက်ကတော့ ရှိပါသေးတယ်။ ဖွံ့ဖြိုးနေတဲ့ မြို့ကြီးတွေမှာသာ ဒီကိစ္စက ပြဿနာကြီးသဖွယ် ဖြစ်နေတာပါ။ နယ်ဘက်၊ ရွာဘက်တွေမှာ ကျောင်းတောင်ပုံမှန်မတက်လို့ လိုက်ခေါ်ပြီး ခခယယ သင်ပေးနေရတဲ့ ကျောင်းတွေ အများကြီးပါ။ ပြောချင်တာက လပိုင်းမာတိကာနဲ့ သင်ခန်းစာကို ဘောင်မခတ်ပါနဲ့။ သင်ရိုးတွေမှာ ကလေးကို ဘာသိသွားစေချင်သလဲ။ ဘာကို ရသွားစေချင်သလဲ။ သိစေချင်၊ ရစေချင်တဲ့ အကြောင်းကိုရဖို့ လုံလောက်တဲ့ အချိန်သတ်မှတ်ပေးပါ။ တတ်မြောက်အောင် သင်ကြားပေးပါ့မယ်။ ဒါက ဆရာတွေရဲ့ တာဝန်ပါ။ ကျွန်တော်တို့ ဆရာတွေအနေနဲ့ကတော့ တတ်အောင်သင်ပါတယ်။ ကျွန်တော်တို့ အထက်တန်းပိုင်းဆိုရင် ကျောင်းသား အများစုက ကျူရှင်ရှိကြပါတယ်။ ကျူရှင်ရှိတဲ့အခါ သူတို့ကျူရှင်က သင်လာတဲ့စာတွေနဲ့ ကျွန်တော်တို့ ကျောင်းကနေ သင်ပေးလိုက်တဲ့စာတွေနဲ့ သဟဇာတ ဖြစ်အောင်တော့ လုပ်ရပါတယ်။ သဟဇာတဖြစ်အောင် လုပ်ရတယ်ဆိုတာ အပြင်ဆရာက သင်လိုက်တာက တစ်မျိုး၊ ကျွန်တော်တို့သင်တာက တစ်မျိုး အာဘော်ချင်း မတူကြပါဘူး။ အာဘော်ချင်း၊ ပြောဆိုရှင်းပြတာချင်း မတူကြတဲ့အခါ ကျောင်းသားတွေမှာ ဝန်ပိပါတယ်။ အဲဒီအခါ ကျွန်တော်ကတော့ ကျောင်းသားတွေကို လိုက်လျောညီထွေ ဖြစ်သွားအောင် ကျွန်တော်သင်တာချည်း နားထောင်ရမယ် ဆိုတာမျိုး မပြောပါဘူး။ ကျောင်းသားတွေနဲ့ နားလည်အောင် ထပ်ဆင့်ညှိပြီး ရှင်းပြပါတယ်။ အဲဒီလိုမျိုး ကျွန်တော်တို့ လုပ်ပေးရပါတယ်။ အပြင်ကျူရှင်သင်တာလည်း မပျက်ရအောင်၊ ကျောင်းက သင်တာနဲ့လည်း မပျက်အောင် အဲဒီလို ပေါင်းစပ် ပေးရပါတယ်။ နောက်ဆုံးအနေနဲ့ ကြိုးစားမှ အရာရာ အောင်မြင်နိုင်တယ်ဆိုတဲ့ အသိစိတ်ကို ရိုက်သွင်းပေးပါရစေ။ 

“ကိုယ်တတ်ထားတဲ့ ပညာကို ပြင်ပအချိန်မှာ ရဲရဲဝံ့ဝံ့ လိပ်ပြာသန့်သန့်နဲ့ သင်ကြားနိုင်ခွင့်ရှိတယ်”
ဦးဇင်မင်းထိုက် (အလယ်တန်းပြ အ.လ.က (ခွဲ) ရွှေတန်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး)

ဆရာတွေ ကျူရှင်သင်တယ်ဆိုတာ ရတဲ့လစာနဲ့ မလုံလောက်ကြလို့ပါ။ လစာ မလုံလောက်တော့ အခက်အခဲက အထိုက်အလျောက်တော့ ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်က တစ်ယောက်တည်းနေတာမို့ အဆင်ပြေတယ်။ ကျွန်တော့်ဇာတိက ပဲခူးမြို့နဲ့ ကိုးမိုင် လောက်ဝေးပါတယ်။ အိမ်ကနေ နေ့စဉ် ကျောင်းကို စာသင်သွားပါတယ်။ ကျူရှင် မသင်ရဘူးလို့ တားတဲ့အပေါ် ကျွန်တော် ဘယ်လိုသဘောထားရှိသလဲ ဆိုရင် ကျူရှင်မသင်ရဆိုတာ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ကျွန်တော်ကြားဖူးသလောက်ဆိုရင် ကျူရှင်ဆိုတာ နိုင်ငံတကာပညာရေးမှာလည်း ရှိပါတယ်။ ကိုယ်တတ်ထားတဲ့ ပညာကို ပြင်ပအချိန်မှာ ရဲရဲဝံ့ဝံ့ လိပ်ပြာသန့်သန့်နဲ့ သင်ကြားနိုင်ခွင့်ရှိတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါက ကျွန်တော့်အမြင်ကို ပြောရခြင်းဖြစ်ပါတယ်။ 

ဘာကြောင့်လဲဆိုတော့ အခြေခံလူတန်းစား များပြားတဲ့ ကျွန်တော်တို့နိုင်ငံမှာ ရတဲ့လစာနဲ့ မလုံလောက်ကြလို့ပါ။ အခုပြောခဲ့တာတွေက ကျွန်တော့်ရဲ့ အမြင်ပါ။ ဒါပေမဲ့ လုံလောက်ရင် ကျူရှင်မသင်ကြ တော့ဘူးလား ဆိုတာ ထပ်မေးလာရင်တော့ ကျွန်တော့် အနေနဲ့ ထင်မြင်ချက် မပေးချင်ပါဘူး။ ကျူရှင် သင်ကြားရခြင်းက မိဘတွေရဲ့ ပြိုင်ဆိုင်လိုစိတ် ဆိုတာလည်း တစ်စိတ်တစ်ဒေသ အနေနဲ့ ပါဝင်မယ်လို့ ကျွန်တော် မြင်ပါတယ်။ မိဘတွေရဲ့ သား၊ သမီးတွေအပေါ် သူများထက် ပိုပြီးတော်စေ၊ တတ်စေချင်တဲ့ ဆန္ဒတွေကြောင့်လည်း အနည်းငယ် ပါဝင်ပါလိမ့်မယ်။ ဒါပေမဲ့ မိဘတွေရဲ့ ပြိုင်ဆိုင်လိုစိတ်ကို အသုံးချပြီး ကျူရှင်ဖွင့်၊ အပြင် အပိုင်းငွေရှာတယ် ဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ ကျွန်တော့်ပတ်ဝန်းကျင် မှာတော့ အဲဒီလိုအသုံးချတဲ့ ဆရာတွေကို မတွေ့ဖူးပါဘူး။ ဒါပေမဲ့ ဝန်ထမ်းတွေ ကလည်း အများကြီးဆိုတော့ အားလုံးအတိုင်းအတာ၊ အနေအထားကိုတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော့် ပတ်ဝန်းကျင် မြင်ရသလောက် ဆရာတွေအနေနဲ့ အဲဒီလို တစ်ကိုယ်ကောင်းဆန်တဲ့စိတ် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာတစ်ယောက် အနေနဲ့ ကျွန်တော်ရော ဆရာ၊ ဆရာမ အားလုံးမှာပါ ဒီလိုစိတ်မထားကြဘူး ဆိုတာ ကျွန်တော်ရဲရဲကြီး အာမခံပါတယ်။         

နေဇာကျော်


ABOUT AUTHOR

(နေဇာကျော်)