News

POST TYPE

POPULAR POST

မုံရွာ- အိုးဘိုတောင်ရပ်ကွက် လမ်းပြဿနာကြောင့် လုံခြုံရေးဖြင့် အသုဘချ
27-Mar-2018 tagged as မုံရွာ


မုံရွာ၊ မတ်၂၇

စစ်ကိုင်းတိုင်းအစိုးရရုံးစိုက်ရာ မုံရွာ မြို့ အိုးဘိုတောင်ရပ်ကွက်၏ လူနေအိမ် အချို့တွင် ထွက်လမ်းမရှိသဖြင့် မတ်လ ၂၇ ရက်နေ့က အသုဘတစ်ခုကို မြို့နယ်ရဲ၊ အုပ်ချုပ်ရေး၊ စည်ပင်၊ မြေစာရင်းစသည့်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ လုံခြုံရေး ပေးကာ အသုဘချခဲ့ရကြောင်း ရပ်ကွက် နေသူများထံမှ သိရသည်။

အိုးဘိုတောင်ရပ်ကွက် ရွာလမ်းဘုရား အရှေ့ခြမ်းတွင် အသက် ၃၅ နှစ် အမျိုးသားတစ်ဦးသည် မတ်လ ၂၆ ရက်နေ့က ၉၆ ပါး ရောဂါဖြင့် ကွယ်လွန်ခဲ့ရာ အသုဘချရန် အိမ်နီးချင်းများက ထွက်လမ်းမပေးကြသောကြောင့် မြို့နယ်အုပ်ချုပ်ရေးနှင့် မြို့နယ်ရဲမှူး၊ မြို့မစခန်းတို့ထံ အကြောင်းကြားကာ အိမ်နီးချင်းများ၏နောက်ဖေး အိမ်သာစည်းရိုး နှစ်ခုကိုဖျက်၍ လုံခြုံရေးပေးကာ အသုဘချခဲ့ရကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခိုင်မိုးဦးက ပြောကြားသည်။

“လက်ရှိအိမ်က နာရေးသုံးခါ ဖြစ်တယ်။ နှစ်ပေါင်းကြာပြီပေါ့။ အခုလိုပဲ မြို့နယ်အုပ်ချုပ်ရေးတွေကို အကြောင်းကြားပြီး ချခဲ့ရတယ်။ အိမ်နီးချင်းတွေက လူသွားလမ်းပေးထားပေမယ့် အသုဘချဖို့တော့ အယူသီးမှုတွေကြောင့် အထွက် မခံကြဘူး။ အိုးဘိုတောင်ရပ်ကွက်က ရွာကနေ ရပ်ကွက်ဖြစ်လာတော့ လမ်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိတာ ရွာထဲမှာ နေရာငါးခုလောက်ရှိတယ်။ နာရေးပေါ်တိုင်း ပြဿနာတက်ကြတယ်”ဟု ရပ်မိ ရပ်ဖတစ်ဦးက ရှင်းပြပြောဆိုသည်။ 

R-08