News

POST TYPE

POPULAR POST

ပြင်ဦးလွင်တွင် ကား Drift ပြိုင်ပွဲ ဒုတိယအကြိမ် ကျင်းပမည်
19-Mar-2018

မန္တလေး၊ မတ် ၁၈

ပြင်ဦးလွင်မြို့ရှိ ရတနာပုံဆိုက်ဘာစီးတီး၌ မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ကားစတန့် (Drift) ပြိုင်ပွဲတစ်ရပ် ဒုတိယအကြိမ် ကျင်းပမည်ဖြစ်သည်။

“ကျွန်တော်တို့က ဒီမော်တော်စပေါ့ကို အားကစားတစ်ခုအနေနဲ့ လူငယ်တွေကြားထဲမှာ မြင်လာစေချင်တယ်။ နောက်တစ်ခုက ဒီလိုမြင်လာပြီးရင် နိုင်ငံတကာနဲ့ရင်ပေါင်တန်းပြီးတော့ လုပ်စေချင်တယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း အခြားနိုင်ငံက အားကစားသမားတွေကို လက်ခံကျင်းပပေးနိုင်လာဖို့လည်း ရည်ရွယ်ပါတယ်။ ဒီလိုပွဲတွေလုပ်ပေးလာနိုင်ရင် ပြိုင်ကားတွေက ကွင်းတွေထဲမှာ စနစ်တကျနဲ့ ကစားရကောင်းတယ်ဆိုတာကို သိလာစေချင်ပါတယ်”ဟု Motor Sport Association Mandalay-MSAM ဒါရိုက်တာအဖွဲ့ဝင် ဦးမင်းသန့်ထက်က ပြောကြားသည်။

အဆိုပါပြိုင်ပွဲတွင် Drift Pro (Class A)၊ Drift Semipro (Class B)၊ နှင့် Time Attack Racing (Class C) ဟု ခွဲခြားကျင်းပမည် ဖြစ်သော်လည်း Drift Pro ပြိုင်ပွဲကို ဦးစားပေးကျင်းပမည်ဖြစ်ကာ ပြိုင်ပွဲအမျိုးအစားအားလုံး အနိုင်ရရှိသူများကို ဆုဖလားများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းပြိုင်ပွဲကို တရုတ်၊ ထိုင်းနှင့် အမေရိကန်နိုင်ငံသား အားကစားသမားများကိုလည်း ဖိတ်ခေါ်ထားပြီးဖြစ်ရာ လက်ရှိတွင် တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ယှဉ်ပြိုင်ရန် စာရင်းပေးထားပြီးဖြစ်ကြောင်း၊ ပြိုင်ပွဲကိုလည်း တရုတ်နိုင်ငံမှ ဒိုင်လူကြီးနှစ်ဦးနှင့် မြန်မာနိုင်ငံမှ ဒိုင်လူကြီးတို့က အမှတ်ပေးသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ပြိုင်ကားဝါသနာရှင်အားလုံး ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ၁၂၀ ခန့်အထိ ယှဉ်ပြိုင်နိုင်ရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပြိုင်ပွဲဝင် ၈၀ ဦးခန့် စာရင်းပေးသွင်းထားပြီဖြစ်ကာ ပြိုင်ပွဲဝင်ကြေး ကျပ်သုံးသောင်းပေးသွင်းရမည်ဟု ၎င်းတို့က ပြောဆိုသည်။

ပြိုင်ပွဲဝင်များ လူ၊ ယာဉ်အန္တရာယ် ကင်းစေရေးအတွက် လုံခြုံရေးအရ သတ်မှတ်ထားသည့်အချက်များ လုပ်ဆောင်ရမည်ဖြစ်ပြီး ပွဲစီစဉ်သူများအနေနှင့်မူ မီးသတ်ကားများ၊ ကြက်ခြေနီအဖွဲ့များ ထားရှိပေးမည်ဖြစ်ကြောင်း MSAM အဖွဲ့ထံမှ သိရသည်။

MSAM အဖွဲ့သည် ၂၀၁၇ ခုနှစ် ဧပြီလအတွင်းကလည်း နိုင်ငံခြားသားနှစ်ဦး အပါအဝင် ပြိုင်ပွဲဝင် ၈၈ ဦးဖြင့် ကားမောင်းပြိုင်ပွဲတစ်ရပ် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ဖူးသည်။

M-04

  • VIA