News

POST TYPE

POPULAR POST

ဘင်္ဂါလီများကို နေရာချထားပေးရေး ရခိုင်ပြည်သူများဆန္ဒကို ဥပေက္ခာမပြုသင့်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဆို
စစ်တွေ၊ မတ် ၁၈ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများကို ပြန်လည်နေရာချထားရာတွင် ရခိုင်ပြည်သူများ၏ သဘောဆန္ဒများကို ဥပေက္ခာမပြုကြရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။ 

ထိုသို့ ပြန်လည်နေရာချထားရာတွင် ရခိုင်ပြည်သူများ၊ ပြည်သူများကို ကိုယ်စားပြုသော လွှတ်တော်များနှင့် တပ်မတော်တို့၏ သဘောထားများကို ဥပေက္ခာမပြုရန် မေတ္တာရပ်ခံကြောင်း၊ ယခုအချိန်သည် အလွန်အရေးကြီးသော အချိန်ဖြစ်သောကြောင့် လုပ်ကိုင်ဆောင်ရွက်မှုမှားယွင်းပါက ပြန်လည်ကုစားရန် မလွယ်ကူကြောင်း ၎င်းက ပြောဆိုသည်။ 

ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ မတ်လ ၁၈ ရက် နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ဥက္ကဋ္ဌ ဒေါက်တာ အောင်ထွန်းသက်တို့က နိုင်ငံတော်လုံခြုံရေးနှင့် UEHRD ဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းပွဲတွင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ယင်းသို့ ပြောကြားသည်။ 

ပြည်ထောင်စုအစိုးရအနေနှင့် ပြည်သူလူထုများ သိရှိအောင် ပွင့်လင်းမြင်သာစွာဆောင်ရွက်နေပြီး ရခိုင်ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်သည့် ကဏ္ဍ၌ အဓိကတစ်ရပ်ဖြစ်သော အရပ်ဘက် အဖွဲ့အစည်းတို့နှင့် အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းမှုရှိကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“တစ်ကမ္ဘာလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အားလုံးကို ထည့်သွင်းစဉ်းစားရတယ်။ ပြန်လည်လက်ခံတဲ့အခါလည်း နှစ်နိုင်ငံ စာချုပ်အတိုင်း ဆောင်ရွက်ရမယ်။ သွေဖည်ပြီးတော့ ဆောင်ရွက်လို့မရဘူး။ ပြန်လည်လက်ခံရေး အရေးကြီးသလို ပြန်လည်ထူထောင်ရေးလည်း အရေးကြီးတယ်။ အဲဒီမှာ စိတ်ရှည်သည်းခံမှုအရေးကြီးတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်”ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ပြန်လည်ဝင်ရောက်လာသူများကို နေရာချထားရာတွင် မောင်တောမြို့နယ်တောင်ပိုင်း၌ ချထားခြင်းမပြုရန် ရခိုင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သွားသူစာရင်းကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများက ကျေးရွာများအထိ ကွင်းဆင်းကောက်ယူခဲ့ရာ လူငါးသိန်းသုံးသောင်းကျော်ရှိသော်လည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ထွက်ပြေးတိမ်းရှောင်သွားသူ ခုနစ်သိန်းနီးပါးရှိကြောင်း ထုတ်ပြန်သည်။

R-22