News

POST TYPE

POPULAR POST

မူးယစ်ဆေးဝါးရောင်းသည့် ရဲတပ်သားတစ်ဦးကို ဖမ်းဆီး
မန္တလေး၊ မတ် ၁၅

မန္တလေး - ပြင်ဦးလွင် ကားလမ်း၊ မြတဘက်ရဘုရားရှေ့တွင် မတ်လ ၁၄ ရက်နေ့က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ရာ၌ သယ်ယူရောင်းချရာတွင် ပါဝင်သည့် ရဲတပ်သားတစ်ဦးကိုပါ ဖမ်းဆီးထားကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းဘုရားရှေ့တွင် မူးယစ်ဆေးဝါးများသယ်ဆောင်လာသည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးရာမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပါဝင်ပတ်သက်နေသည်ကို စစ်ဆေးတွေ့ရှိရသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

အသက် ၃၈ နှစ်အရွယ်ရှိ ဒေါ်သန်းသန်းစိုးထံမှ (၈၈/၁) စာတန်းပါ စိတ်ကြွဆေး ၂၀၀ ပြားပါတစ်ထုပ်နှင့် ၁၉၀ ပြားပါ တစ်ထုပ် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်းအနေနှင့် မန္တလေးမြို့ အမှတ် (၁၀) ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားနေထက်လင်းထံမှ မတ်လ ၁၃ ရက်နေ့က ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု မှုခင်းမှတ်တမ်းအရ သိရသည်။

ယင်းသို့ မူးယစ်ဆေးရောင်းဝယ်မှုတွင်ပါဝင်သည့် ရဲတပ်သားကို သိပ္ပံလမ်း ၆၇ လမ်းနှင့် ၆၈ လမ်းကြားတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ဒေါ်သန်းသန်းစိုးနှင့် ရဲတပ်သားနေထက်လင်းတို့ကို အောင်ပင်လယ်နယ်မြေခံရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ကာကွယ်တားဆီးရေး ဥပဒေ ပုဒ်မ ၁၉(က)/၂၁ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04