News

POST TYPE

POPULAR POST

ချစ်တတ်ပါစေ(Daily, Vol-4/No-135)
14-Sep-2016
ယခုရက်ပိုင်းအတွင်း ထွက်ပေါ်နေသော ရုပ်ရှင်၊ ဂီတ အနုပညာရှင် အချို့၏ မနှစ်မြို့ဖွယ် သတင်းအချို့နှင့် ပတ်သက်၍ အများပြည်သူအကြား ပြောဆိုဆွေးနွေး၊ ငြင်းခုံစရာ အကြောင်းအရာများ ဖြစ်နေပေသည်။

ရုပ်ရှင်ဂီတ လောက အတွင်းမှ ငွေကြေး အလွဲသုံးစားမှု၊ ယုံကြည် အပ်နှံခြင်းကို ဖောက်ဖျက်မှု၊ လိမ်ညာ ဟန်ဆောင်မှု၊ တာဝန် လစ်ဟင်းမှု၊ မူးယစ် ဆေးဝါး လက်ဝယ် တွေ့ရှိမှု စသည်တို့နှင့်ဆိုင်သော သတင်းစာ ရှင်းလင်းပွဲများ၊ တွေ့ဆုံ မေးမြန်းချက်များ၊ ရင်ဖွင့် ခံစားမှုများ၊ ထုတ်ပြန် ကြေညာချက်များမှာ ယခုရက်ပိုင်းအတွင်း ထိပ်တန်း ဦးစားပေး သတင်းများအဖြစ် တွေ့မြင်ရသည်။

အထက်ဆိုခဲ့ပါ အမှုကိစ္စများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လောကအတွက် မထူးခြားလှသော်လည်း အနုပညာရှင်များနှင့် ပတ်သက်သည့် အမှုအခင်းများအပေါ် မြန်မာပြည်သူလူထု၏ ရှုမြင်ပုံမှာမူ ထူးခြားသည်ဟု ဆိုနိုင်သည်။

အထူးသဖြင့် သာမန် လူထုအတွင်းမှ အထက်ဆိုခဲ့ပါ အမှုအခင်းများ ကျူးလွန်သူများကို သတင်း ဖော်ပြသည့်အခါ ပေးသည့် မှတ်ချက်များနှင့် အနုပညာရှင်များ ကျူးလွန်သည့် အလားတူ အမှုအခင်းများအပေါ် ပေးသည့် မှတ်ချက်တို့မှာ များစွာ ကွဲလွဲနေပေသည်။

မြန်မာပြည်သူတို့သည် ၎င်းတို့ကို အနုပညာဖြင့် ဖျော်ဖြေ တင်ဆက်ပေးသော အနုပညာရှင်များအပေါ် ချစ်ခင်၊ အားပေးသည့် စိတ်က ကဲနေသောကြောင့် ၎င်းတို့ ချစ်ခင် အားပေးသူများ ကျူးလွန်သည့် အမှုအခင်း၊ လိမ်ညာ ဟန်ဆောင်မှုများ၊ တာဝန် ပျက်ကွက်မှုများကို ခွင့်လွှတ် နားလည် ပေးတတ်ကြသည်။

လူမှု ကွန်ရက်ပေါ်တွင် အဆိုပါ သတင်းများနှင့် ပတ်သက်ပြီး မှတ်ချက်ပေးသူ အများစုမှာ အမှုအခင်း ကျူးလွန်သူ သို့မဟုတ် နည်းလမ်း မကျသော လုပ်ရပ် ကျူးလွန်ခဲ့သူ အနုပညာရှင်များကို နည်းလမ်း အမျိုးမျိုးဖြင့် နားလည်ပေး၊ ထောက်ခံအားပေးကာ တစ်ဖက်မှ အမှု ရင်ဆိုင်သူများ အပေါ်တွင်မူ အမုန်းစိတ်ဖြင့် တုံ့ပြန် မှတ်ချက် ပေးကြသည်ကို တွေ့ရသည်။

တစ်နည်းအားဖြင့် မြန်မာတို့သည် ချစ်နေပါလျှင် မည်မျှ အမှား ကျူးလွန်စေကာမူ ခွင့်လွှတ် နားလည်ပေးကြပြီး ၎င်းတို့ ချစ်ခင် အားပေးသူနှင့် ဆန့်ကျင်ဘက် ရှိသူများကိုမူ နည်းလမ်း မှန်သောဘက်က ရှိစေကာမူ ဆန့်ကျင်ကန့်ကွက် တတ်သည့် သဘာဝကို ပြဆိုခြင်း ဖြစ်သည်။

သာမန်အားဖြင့် ကြည့်ပါက ချစ်စရာ၊ ရယ်ရွှင်ဖွယ်ရာ ဓလေ့စရိုက်ဟု ဆိုနိုင်သော်လည်း ဥပဒေ ရှုထောင့်မှ ကြည့်လျှင်ဖြစ်စေ၊ နည်းလမ်းတကျ စဉ်းစားကြည့်လျှင်ဖြစ်စေ မကောင်းမှုကို သွယ်ဝိုက်၍ အားပေးသည့်သဘော သက်ရောက်နေပေသည်။

ငယ်စဉ်က ချစ်၍ အရာရာ အလိုလိုက် အကြိုက်ဆောင်ကာ၊ လုပ်ကိုင် ဆောင်ရွက်သမျှ အဆိုးအကောင်း၊ အကျိုးအကြောင်း အထိန်းအကွပ်၊ အသွန် အသင်မရှိ ပံ့ပိုးဖြည့်ဆည်း ခံရသော ကလေးသည် ကြီးလာသည့်အခါ ဆိုးသွမ်း သွားတတ်ကြောင်း ကလေးစိတ်ပညာ သဘောတရားများတွင် တွေ့ရသည်။ 

ထို့အတူ လူတစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့အပေါ် ချစ်ခင်၊ အားပေးခြင်းသည် ကောင်းသည့် လက္ခဏာဟု ဆိုနိုင်သော်လည်း ထိုသို့ အရာရာကို ချစ်ခင်စိတ်ဖြင့် ကြည့်ခြင်း၊ ထောက်ခံ အားပေးခြင်းသည် တစ်ခါတစ်ရံ ချစ်ရာ မရောက်ဘဲ နှစ်ရာ ရောက်သွားတတ်ပြီး ထိုသို့ အချစ်ခံရသူ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ရောက်ရှိနေသော နေရာ အဆင့်အတန်းကို မူတည်ကာ သက်ဆိုင်ရာ မိသားစု၊ လုပ်ငန်း၊ နယ်ပယ်မှသည် နိုင်ငံတစ်ခုလုံး၊ လူ့အဖွဲ့အစည်း တစ်ခုလုံးအထိ သက်ရောက်မှုအား ကြီးသွားတတ်ကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ(၁၄-၉-၂ဝ၁၆)


  • VIA