News

POST TYPE

POPULAR POST

တရုတ်က စပါးမှောင်ခိုဝယ်ယူမှု တိုင်းနှင့်ပြည်နယ်အစိုးရများထံ အကြောင်းကြားထားဟု အစိုးရပြော


ရန်ကုန်၊ မတ် ၁၂

တရုတ်နိုင်ငံသားများက ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် စပါးမှောင်ခို လာရောက်ဝယ်ယူမှုများကို စစ်ဆေးအရေးယူရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့တို့ထံ အကြောင်းကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။ 

တရုတ်နိုင်ငံသားများ စပါးတိုက်ရိုက်ဝယ်ယူခြင်းမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းကပင် လာရောက်ဝယ်ယူနေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ထိထိရောက်ရောက် မတားဆီးနိုင်ခြင်းကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေနှင့် ထိန်းချုပ်ဆောင်ရွက်ပေးရန် ဆန်စပါးကဏ္ဍဆွေးနွေးပွဲတွင် ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က တင်ပြခဲ့ခြင်းဖြစ်သည်။ 

“ဒီလိုမှောင်ခိုလာဝယ်တာကို ပြည်နယ်အစိုးရတွေနဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့တွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ အကြောင်းကြားပြီးပါပြီ။ တရုတ်တစ်ခုတည်းမဟုတ်ဘူး။ နယ်စပ်အားလုံးကတော့ နယ်နိမိတ်ရှည်လျားတဲ့အပေါ်မူတည်ပြီး မှောင်ခိုကုန်သွယ်မှုရှိနေတာပဲ”ဟု ဦးရန်နိုင်ထွန်းက ဆက်လက်ပြောဆိုသည်။ 

စပါးကြိတ်ခွဲခြင်းမှရရှိသည့် ဘေးထွက်ပစ္စည်းများကို ပြည်တွင်းတွင် ပြန်လည်သုံးစွဲနိုင်ရန်အတွက် ပြည်ပသို့စပါးအတိုင်း တင်ပို့မှုကို အစိုးရက ပိတ်ပင်ထားခြင်းဖြစ်သည်။ 

“သူတို့ဘက်က ဖမ်းနေတယ်လို့ပြောပေမယ့် အခုထိ ဒီလောက်ကြီး တင်းတင်းကျပ်ကျပ် မဖမ်းသေးဘူး။ ဖမ်းတယ်ဆိုရင် လွယ်တယ်လေ။ နယ်စပ်ကုန်သွယ်မှုကို တားလိုက်ရင်ကို ရပ်သွားမှာ။ ဒါပေမဲ့ တရုတ်က မြန်မာနိုင်ငံရဲ့ စီးပွားရေးရော၊ တရုတ်စီးပွားရေးရော လွှမ်းခြုံမှုအားကောင်းလာတဲ့အတွက် တားဖို့ကျ လွယ်မယ်မထင်ဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှ မိဘဂုဏ်ရည် ဆန်စက်ပိုင်ရှင် ဦးဆွေဦးက ပြောကြားသည်။

သက်ဆိုင်ရာဝန်ကြီးဌာနအနေနှင့် လာမည့်မိုးစပါးပေါ်ချိန်မှသာ မူဝါဒချမှတ်၍ ထိထိရောက်ရောက် အရေးယူနိုင်မည်ဟု ခန့်မှန်းထားပြီး ယခုနှစ် နွေစပါးပေါ်ချိန်တွင်လည်း တရုတ်နိုင်ငံမှ မှောင်ခိုလာရောက်ဝယ်ယူမှုများ ရှိနေဦးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“စပါးက တရားမဝင်သွားနေတဲ့အတွက် အခွန်လည်းမရဘူး။ ဟိုဘက်ကို ဘယ်လောက်ထွက်လဲဆိုတာလည်း မသိဘူး။ ဒါကြောင့် အစိုးရကို အသင်းချုပ်က တင်ပြတာပါ။ အခုက စပါးဈေးလည်း တက်နေတဲ့အတွက် လာဝယ်လည်း သူတို့ဘက်က ဒီလောက်ကြီး မကိုက်နိုင်တော့ဘူး”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဘဏ္ဍာရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။

J-11