News

POST TYPE

POPULAR POST

စားပွဲထိုးကို အဓမ္မလိင်တူဆက်ဆံသည်ဟုဆိုသော ဆိုင်ရှင်အမျိုးသားကို ဖမ်းဆီး
12-Mar-2018

ရန်ကုန်၊ မတ် ၁၁

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ သစ္စာလမ်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် အသက် ၂၂ နှစ် အရွယ် စားပွဲထိုး အမျိုးသားတစ်ဦးကို မုန့်ဖိုးပေးပြီး အဓမ္မ လိင်တူဆက်ဆံခဲ့သည်ဟုဆိုသော ဆိုင်ပိုင်ရှင်အမျိုးသားကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လိင်တူဆက်ဆံခံရသူဟုဆိုသော စားပွဲထိုးဝန်ထမ်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က သစ္စာလမ်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စားပွဲထိုးဝန်ထမ်းအဖြစ် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းကို ဆိုင်ရှင်ဖြစ်သူ အသက် ၃၆ နှစ် အမျိုးသားက မုန့်ဖိုးအပြင် ဖုန်းဘေလ်ပါ သွင်းပေးလေ့ရှိကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ယင်းနောက် မတ်လ ၇ ရက် ည ၉ နာရီခွဲက ဆိုင်အတွင်း စားပွဲထိုးအလုပ် ဆောင်ရွက်နေချိန် ဆိုင်ဝန်ထမ်းတစ်ဦးက ၎င်းကို ဆိုင်ရှင်အမျိုးသားမှ လာရောက်နှိပ်ပေးရန် ခေါ်နေကြောင်း ပြောသဖြင့် ဆိုင်ရှင်အမျိုးသား၏ အခန်းတွင်းသို့ သွားရောက်စဉ် အလိုမတူဘဲ အဓမ္မလိင်တူဆက်ဆံခံရပြီး မုန့်ဖိုး ငွေ ၂၅၀၀ ကျပ်နှင့် ဖုန်းဘေလ် သုံးထောင်ကျပ် သွင်းပေးခဲ့ကြောင်း တရားလို၏ အမှုဖွင့်တိုင်ကြားချက်အရ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“မတ်လ ၅ ရက်နဲ့ ၆ ရက် ညတွေမှာလည်း စားပွဲထိုးကို ဆိုင်ရှင်က သူ့အခန်းထဲခေါ်ပြီး မဖွယ်မရာတွေ ပြုလုပ်ခိုင်းတယ်လို့ တိုင်ချက်ထဲမှာ ပါတယ်။ မတ်လ ၇ ရက်ညမှာတော့ အလိုမတူဘဲ လိင်တူဆက်ဆံခံရတာမို့ စားပွဲထိုးက သူကိုယ်တိုင် ရဲစခန်းလာပြီး တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့တယ်။ မတ်လ ၉ ရက်နေ့က ဆိုင်ရှင်အမျိုးသားကို ဖမ်းဆီးလိုက်ပြီး လက်ရှိ ဒီအမှုကို စုံစမ်းစစ်ဆေးနေပါတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

အဆိုပါအမှုမှ ဖမ်းဆီးထားသည့် ဆိုင်ရှင်အမျိုးသားကို တောင်ဥက္ကလာပ မြို့မရဲစခန်းက (ပ) ၃၃၃/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ (ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှု ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA