News

POST TYPE

POPULAR POST

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်၊ ရန်ကုန်အပါအဝင် ဒေသအချို့မိုးရွာနိုင်
12-Mar-2018 tagged as မိုးလေဝသ

ရန်ကုန်၊ မတ် ၁၁

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာကမ်းရိုးတန်းနှင့် အိန္ဒိယနိုင်ငံ၊ တမီနာဒူးလ်ကမ်းရိုးတန်း တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် သီရိလင်္ကာကမ်းရိုးတန်း တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေကြောင်း မတ်လ ၁၁ ရက်နေ့ တိုင်းထွာချက်များအရ သိရသည်။ 

ယင်းလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်အားကောင်းလာနိုင်ခြေနည်းပါးပြီး အားပျော့ပျက်ပြယ်သွားနိုင်ကြောင်း၊ မတ်လအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်တတ်လေ့ရှိသော်လည်း ပိုမိုအားကောင်းလာခြင်းမရှိဘဲ ပျက်ပြယ်သွားလေ့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။ 

“အီကွေတာနားဖြစ်နေတော့ အားသိပ်မကောင်းနိုင်ဘူး”ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်တိုက်စုများဖြစ်ပေါ်နေပြီး ယင်းတိမ်တိုက်စုများ မြစ်ဝကျွန်းပေါ်ဒေသအထိ တိုးဝင်နေသည့်အတွက် ရန်ကုန်အပါအဝင် ဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း မိုးထစ်ချုန်းရွာနေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်း ဒေသအလိုက် နေ့အပူချိန်များ မြင့်တက်နေပြီး လေထု မတည်ငြိမ်မှုများကြောင့် မိုးတိမ်တောင်များ အဖြစ်များကာ မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း မိုးထစ်ချုန်းရွာနိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ 

“လေဖိအားနည်းရပ်ဝန်းက အဝေးကြီးပါ။ အကျိုးသက်ရောက်မှု သိပ်မရှိနိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် နေရာအနှံ့အပြားနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မတ်လ ၁၂ ရက်နေ့အတွက် ခန့်မှန်းချက်ထုတ်ပြန်သည်။

E-03