News

POST TYPE

POPULAR POST

Clean Yangon လှုပ်ရှားမှုအဖြစ် တာမွေတွင် အမှိုက်ကောက်

ရန်ကုန်၊ မတ် ၁၁

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို ပြည်သူလူထု သိမြင်လာစေရန် ပရဟိတအဖွဲ့များ ပေါင်းစည်းဆောင်ရွက်နေသည့် Clean Yangon Campaign (မြို့တော်သန့်ရှင်းလှပဖို့ အားလုံး ပူးပေါင်းပါဝင်စို့) လှုပ်ရှားမှုအဖြစ် တာမွေမြို့နယ် ကျောက်မြောင်းအနီးတွင် မတ်လ ၁၁ ရက်နေ့ ညနေက အမှိုက်ကောက်ခဲ့ကြသည်။

“အမှိုက် စွန့်ပစ်တာကို စနစ်တကျနဲ့ ပစ်တတ်လာစေဖို့အတွက် ဒီလိုလှုပ်ရှားမှုတွေလုပ်နေတာပါ။ ပြည်သူပါဝင်တဲ့ လှုပ်ရှားမှုတွေကနေ တစ်ဦးချင်းစီ စနစ်တကျနဲ့ အမှိုက်စွန့်ပစ်တာကို လိုက်နာလာဖို့ ရည်ရွယ်ပါတယ်”ဟု ကမ်ပိန်းဦးဆောင်သူတစ်ဦးဖြစ်သူ မသဉ္ဖာအေးကဆိုသည်။

အမှိုက်ကောက်ခြင်း လှုပ်ရှားမှုကမ်ပိန်းကို ကျောက်မြောင်းရှိ ရာမကွင်းတွင် ညနေ ၃ နာရီမှစတင်ကာ စုဝေး၍ ခြောက်နာရီအထိ ရပ်ကွက်အတွင်းရှိ လမ်းများကိုလှည့်လည်၍ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းကာ အမှိုက်မစွန့်ပစ်စေရေး ပညာပေးလှုပ်ရှားမှုများ၊ စတစ်ကာ ကမ်ပိန်းများ၊ ကွမ်းတံတွေး ထွေးရန် ဘူးများစသည့် လှုပ်ရှားမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း Clean Yangon Campaign ထံမှ သိရသည်။

အဆိုပါအမှိုက်ကောက်ခြင်း လှုပ်ရှားမှုကို Clean Yangon Campaign အဖွဲ့မှ လူဦးရေနှစ်ရာကျော်အပြင် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် အမှိုက်သိမ်းကားများ၊ လှည်းများလည်း ပူးပေါင်း ပါဝင်မည်ဖြစ်သည်။

အမှိုက်ကောက်ခြင်း လှုပ်ရှားမှုကို တစ်လတစ်ကြိမ် မတူညီသော နေရာများတွင် ဆောင်ရွက်ခြင်းဖြစ်ပြီး အမှိုက်ကောက်ခြင်းအပြင် အမှိုက်မပစ်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး အသိပညာပေး ဆောင်ရွက်မည်ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

Clean Yangon Campaign ပထမအကြိမ်ကို ၂၀၁၇ ခုနှစ် မေလကစတင်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ရွှေတိဂုံစေတီတော်ဝန်းကျင်၊ မဟာဗန္ဓုလပန်းခြံ မြို့တော်ခန်းမရှေ့ဝန်းကျင်၊ စမ်းချောင်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ လမ်းမတော်မြို့နယ်တို့တွင်လည်း အသီးသီး ပြုလုပ်ခဲ့သည်။

J-14