News

POST TYPE

POPULAR POST

ရန်ကုန်-မန္တလေး သင်္ကြန်အထူးရထား ပြေးမည်

ရန်ကုန်၊ မတ် ၁၁

ခရီးသွားပြည်သူများနှင့် နေရပ်ပြန် ဝန်ထမ်းများ အဆင်ပြေစေရန် ပုံမှန် ရထားများအပြင် ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် သင်္ကြန်အထူးရထား ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (နေပြည်တော်) အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားသည်။

“သင်္ကြန်အထူးရထား ပြေးဆွဲဖို့ စီစဉ်နေပါပြီ။ နှစ်စဉ် နှစ်တိုင်း ပြေးဆွဲခဲ့တာဖြစ်တယ်။ သင်္ကြန်ရက်မတိုင်ခင် စပြေးပေးမယ်။ နောက်ရုံးပြန်မဖွင့်ခင် ဆွဲပေးမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

သင်္ကြန်ကာလတွင်း အထူးရထားအဖြစ် ရန်ကုန်-မန္တလေး အထူးရထားကို အဓိကထား ပြေးဆွဲပေးမည်ဖြစ်ပြီး ဝန်ထမ်းများ သီးသန့်အတွက် ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို ပြေးဆွဲပေးမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

လက်ရှိ ရန်ကုန်-မန္တလေးခရီးအတွက် သင်္ကြန်ပွဲတော်ရက် မတိုင်ခင် ငါးရက်နှင့် သင်္ကြန်ပွဲတော်အပြီး ငါးရက်တို့တွင် အထူးရထားပြေးဆွဲပေးရန် လျာထားကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“ဒီနှစ်အတွက် ဘယ်ရက်မှာ ဘယ်အချိန် ပြေးဆွဲမလဲဆိုတာ ဒီတစ်ပတ်ထဲ အသေးစိတ် ပြောမယ်။ ပြေးဆွဲဖို့က သေချာပါတယ်”ဟု ဦးကျော်ကျော်မျိုးကဆိုသည်။

လက်မှတ်ဈေးနှုန်းများအနေနှင့် ပုံမှန်အတိုင်း ရောင်းချရန် ဆောင်ရွက်ထားပြီး ရိုးရိုးတန်း ကျပ် ၄၆၅၀၊ အထက်တန်းကျပ် ၉၃၀၀၊ အိပ်စင် ကျပ် ၁၂,၇၀၀ တို့ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမြန်ရထား ခြောက်စင်း၊ စာပို့ရထား နှစ်စင်းနှင့် ရန်ကုန်-နေပြည်တော် အစုန်အဆန် လေးစင်းဖြင့် ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထား၊ တိုင်း-၇ (သွားလာပို့ဆောင်ရေးဌာန) ထံမှ သိရသည်။

J-06