News

POST TYPE

POPULAR POST

ဆီဗီလာနှင့်ပွဲစဉ်အမီ ပေါ့ဂ်ဘာ ကြံ့ခိုင်မှုပြည့်ဝမည်၊ မပြည့်ဝမည်ကို အတိအကျ မသိရသေးကြောင်း မော်ရင်ညို ပြောကြား
11-Mar-2018


မန်ချက်စတာ၊ မတ် ၁၁

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် မန်ယူနှင့် ဆီဗီလာတို့ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အမီ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ကြံ့ခိုင်မှုပြည့်ဝမည်၊ မပြည့်ဝမည်ဆိုသည်ကို အတိအကျ မသိရသေးကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Sportmail က ဖော်ပြထားသည်။

ပေါ့ဂ်ဘာသည် မန်ယူနှင့် လီဗာပူးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် လေ့ကျင့်ရေးဆင်းရာတွင် ထိခိုက်ဒဏ်ရာရသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပေါ့ဂ်ဘာ၏ဒဏ်ရာကို ထိုးဆေးကုထုံးဖြင့် မန်ယူအသင်းဆေးအဖွဲ့က ကုသ၍ အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။

ပေါ့ဂ်ဘာသည် လွန်ခဲ့သည့်ဖေဖော်ဝါရီလအတွင်း၌ နည်းပြမော်ရင်ညိုကို အသင်းနည်းစနစ်ပိုင်းဆိုင်ရာနှင့်စပ်လျဉ်း၍ စောဒကတက်ခဲ့သည့်အတွက် ပွဲထွက်လူစာရင်းမှနေ၍ ဖယ်ထုတ်ခံခဲ့ရဖူးပြီး ချယ်လ်ဆီးနှင့် ခရစ္စတယ်ပဲလေ့စ်တို့ကို အနိုင်ရရှိသည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင်မူ ၎င်းကို နည်းပြမော်ရင်ညိုက အသင်းပွဲထွက်လူစာရင်း၌ ပြန်လည်ထည့်သွင်းကာ နေရာပေးသွားခဲ့သည်။

မော်ရင်ညိုသည် ပေါ့ဂ်ဘာကို ပွဲထွက်လူစာရင်းမှနေ၍ ဖယ်ထုတ်ချန်လှပ်ထားချိန်များတွင် ၎င်းအစား လူငယ်ကစားသမား မက်တိုမီနေးကို ပွဲထုတ်ခဲ့ပြီး လက်ရှိတွင် မက်တိုမီနေးက မာတစ်နှင့်တွဲဖက်ညီစွာ ကစားနိုင်စွမ်းရှိလာခဲ့ပြီဖြစ်၍ ပွဲထွက်ခွင့်အကန့်အသတ်ရှိလာမည်ကို ပေါ့ဂ်ဘာက စိုးရိမ်နေရပြီဖြစ်သည်။

မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် နည်းပြမော်ရင်ညို၏နည်းစနစ်ပိုင်းဆိုင်ရာနှင့် အံမ၀င်သော ကစားသမားများကို ရောင်းထုတ်ရန် စီစဉ်ထားပြီဖြစ်ပြီး အခန့်မသင့်ပါက အရောင်းစာရင်းတင်မည့် ကစားသမားစာရင်းတွင် ပေါ့ဂ်ဘာလည်း ပါဝင်သွားနိုင်သည်ဟု ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “လီဗာပူးနဲ့ပွဲစဉ်အတွက် လေ့ကျင့်ရေးဆင်းချိန်မှာ လေ့ကျင့်ရေးအစီအစဉ်ရဲ့နောက်ဆုံးအပိုင်းကိုရောက်မှ ပေါ့ဂ်ဘာက ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါပေမဲ့ လေ့ကျင့်ရေးပြီးချိန်မှာ ပေါ့ဂ်ဘာကို အဆင်ပြေပြေအနေအထားမျိုးနဲ့ပဲ ကျွန်တော်တွေ့ခဲ့တာပါ။ ဆေးစစ်မှုတွေ ဆောင်ရွက်ပြီးချိန်ရောက်မှ ပေါ့ဂ်ဘာ ဒဏ်ရာရနေတာကို သိလိုက်ရတာဖြစ်ပါတယ်။ လက်ရှိမှာ သူ့အခြေအနေကို စောင့်ကြည့်နေဆဲပါပဲ။ ဆီဗီလာနဲ့ပွဲမှာ အသင်းအတွက် သူပါဝင်ကစားနိုင်မယ်၊ မကစားနိုင်ဘူးဆိုတာကို ကျွန်တော်တို့ မသိရှိနိုင်သေးပါဘူး”ဟု ပြောကြားသွားခဲ့သည်။