News

POST TYPE

POPULAR POST

နေမာမှာ မည်သည့်အသင်းတွင်မဆို အံဝင်အောင် ကစားနိုင်စွမ်းရှိသူဖြစ်ကြောင်း ဇီဒန်း ချီးကျူး
11-Mar-2018


ပဲရစ်၊ မတ် ၁၁

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းသည် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာမှာ မည်သည့်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိစေကာမူ ယင်းအသင်းနှင့်အံဝင်စွာကစားနိုင်စွမ်းရှိသော စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်ဟု ဖွင့်ဟချီးကျူးလိုက်ပြီး လက်ရှိတွင် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်၌ နေမာကိုခေါ်ယူနိုင်ရေးအတွက် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က အစီအစဉ်များရေးဆွဲနေပြီဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က အစီအစဉ်များရေးဆွဲနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

ပီအက်စ်ဂျီသည် လွန်ခဲ့သည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ နေမာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပမာဏသစ် ပေါင် ၁၉၈ သန်းအသုံးပြု၍ ဘာစီလိုနာထံမှ ၀ယ်ယူခဲ့ခြင်းဖြစ်ကာ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်ကလည်း နေမာကို ခေါ်ယူရရှိနိုင်မည်ဆိုပါက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏသစ်တစ်ရပ် ထပ်မံသုံးစွဲရန် ပြင်ဆင်ထားပြီဖြစ်သည်။

ရီးရဲလ်မက်ဒရစ်သည် နေမာအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၅၅ သန်း သုံးစွဲရန် ရည်ရွယ်ထားပြီး ဂါရတ်ဘေးလ်၊ စီရော်နယ်ဒိုနှင့် ဘင်ဇီးမားတို့၏တိုက်စစ်တွဲလုံးတွင် စွမ်းဆောင်ရည်ကျဆင်းသူများရှိလာခြင်းကြောင့် ယင်းကွက်လပ်များကို အစားဖြည့်ရန် ရီးရဲလ်မက်ဒရစ်က နေမာကို အလိုရှိနေခြင်းဖြစ်သည်။

နေမာသည် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်မှနေ၍ ပီအက်စ်ဂျီအသင်း ရှုံးနိမ့်ထွက်ခွာလိုက်ရအပြီးတွင် ၎င်း၏အနာဂတ်ကို တစ်ကျော့ပြန်လည် သုံးသပ်နေပြီဖြစ်ပြီး ပြင်သစ်လီဂူး၏ပြိုင်ပွဲအဆင့်အတန်းမှာ ၎င်းမျှော်မှန်းထားခဲ့သကဲ့သို့ အထင်ကြီးဖွယ်ရာ မရှိခြင်းက ၎င်းကို အသင်းထပ်မံပြောင်းရွှေ့ဖြစ်စေရန် တွန်းအားပေးသကဲ့သို့ဖြစ်နေပြီဟု နေမာက ဖွင့်ဟ၀န်ခံထားပြီလည်းဖြစ်သည်။

နေမာသည် လက်ရှိတွင် ခြေမျက်စိနှင့် ခြေဖဝါးရိုးကျိုးဒဏ်ရာများကို ခွဲစိတ်ကုသမှုခံယူထားရသည့်အတွက် သုံးလခန့် အနားယူနေရပြီဖြစ်ပြီး ၎င်းအနေနှင့် အခွင့်ရမည်ဆိုပါက အသင်းဟောင်းဘာစီလိုနာထံသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ရလိုကြောင်းလည်း နေမာက အသိပေးထားသေးသည်။