News

POST TYPE

POPULAR POST

နည်းပြအဖြစ် အနိမ့်ဆုံးအဖြစ် နောက်ထပ် ၁၀ နှစ်ခန့် ကျင်လည်ဖြတ်သန်းသွားဦးမည်ဟု ဂွါဒီယိုလာ အသိပေး
11-Mar-2018


မန်ချက်စတာ၊ မတ် ၁၁

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်းအနေနှင့် နည်းပြလောကတွင် နောက်ထပ် ၁၀ နှစ်ခန့် ထပ်မံကျင်လည်ဖြတ်သန်းသွားရန် ရည်မှန်းထားကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်ကာ ယင်းအတွက် မန်စီးတီးအသင်းတာဝန်ရှိသူများက ၎င်းကို နည်းပြဘ၀ဖြတ်သန်းမှု အဆုံးသတ်ချိန်တိုင်သည်အထိ အသင်း၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် နည်းလမ်းများရှာဖွေနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်စီးတီးအသင်းတာဝန်ရှိသူများသည် လက်ရှိတွင် ဂွါဒီယိုလာကို စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းမှုများ ဆောင်ရွက်ထားပြီးပြီဖြစ်ပြီး ဂွါဒီယိုလာကမူ အသင်း၏လုပ်ငန်းစဉ်များကို အာရုံစူးစိုက်မှုအပြည့်ထားရှိလိုသည့်အတွက် စာချုပ်သစ်ကိစ္စကို ဘောလုံးရာသီပြီးဆုံးချိန်သို့ရောက်မှသာ ဆွေးနွေးညှိနှိုင်းသွားမည်ဟု အကြောင်းပြန်ကြားထားလျက်ရှိသည်။

ဂွါဒီယိုလာနှင့် မန်စီးတီးအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းအားဖြင့် တစ်နှစ်တည်းသာ ကျန်ရှိတော့မည်ဖြစ်ပြီး ၎င်းတို့အနေနှင့် ဂွါဒီယိုလာကို ကာလရှည်စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးရန် စီစဉ်ထားခြင်းဖြစ်သည်ဟု မန်စီးတီးအသင်းတာဝန်ရှိသူများကလည်း ဖွင့်ဟ၀န်ခံထားပြီဖြစ်သည်။

မန်စီးတီးသည် လက်ရှိဘောလုံးရာသီတွင် ဂွါဒီယိုလာ၏ဦးဆောင်မှုအောက်၌ ခရာဘောင်းဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ပြီးဖြစ်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ရန် နီးစပ်မှုများရှိနေပြီဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်ပွဲခံနိုင်ရေးကမူ ခြေစွမ်းသာမကဘဲ ကံကြမ္မာ၏ဖေးကူမှုပါ လိုအပ်သည်ဟု ဂွါဒီယိုလာက ပြောကြားထားသည်။