News

POST TYPE

POPULAR POST

အာဆင်နယ်နည်းပြရာထူးကိုလက်ခံရန် အယ်လ်လီဂရီ အသင့်ရှိ

တူရင်၊ မတ် ၁၁

ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့က နည်းပြအာစင်ဝင်းဂါးကို ရာထူးထုတ်ပယ်လိုက်မည်ဆိုပါက ယင်းနေရာကို အစားဝင်၍ အာဆင်နယ်နည်းပြသစ်အဖြစ် တာဝန်ယူခွင့်ရလိုလျက်ရှိကြောင်း Daily Star က ဖော်ပြထားသည်။

အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းအနေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် ဆုံးရှုံးခဲ့ပါက အကြီးစားပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တစ်ရပ် ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ဖြစ်ပေါ်လာခဲ့ပါကမူ နည်းပြအာစင်ဝင်းဂါးအပါအ၀င် ကစားသမားအချို့မှာ အာဆင်နယ်ကို ကျိန်းသေစွန့်ခွာကြရလိမ့်မည်ဖြစ်သည်။

အာဆင်နယ်ကို ၂၂ နှစ်တိုင် ဦးစီးဦးရွက်ပြုခဲ့သည့် နည်းပြအာစင်ဝင်းဂါးသည် ၎င်းအနေနှင့် အနာဂတ်မရေရာမှုများကို ရင်ဆိုင်နေရပြီဟု ဖွင့်ဟ၀န်ခံထားပြီးဖြစ်ကာ အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့မှာ အာစင်ဝင်းဂါးကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ယင်းနေရာကို အစားထိုးရန်အတွက် နည်းပြသစ်လျာထားစာရင်းကိုပင် ရေးဆွဲထားပြီးဖြစ်သည်။

အယ်လ်လီဂရီနှင့် ဂျူဗင်တပ်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်နေ့တိုင်သည်အထိ သက်တမ်းရှိနေဆဲဖြစ်သော်လည်း ပရီးမီးယားလိဂ်တွင် တာဝန်ထမ်းဆောင်ခွင့်ရနိုင်မည်ဆိုပါက ၎င်းက ဂျူဗင်တပ်ကို စွန့်ခွာဖွယ်ရှိနေပြီး လက်ရှိတွင် အင်္ဂလိပ်စကားပြောသင်ကြားမှုများကိုပင် အယ်လ်လီဂရီက ဆောင်ရွက်နေပြီဖြစ်သည်။

အယ်လ်လီဂရီသည် ဂျူဗင်တပ်ကို ဘောလုံးရာသီ သုံးရာသီဆက်တိုက် စီးရီးအေအမှတ်ပေးပြိုင်ပွဲနှင့် ကိုပါအီတာလီယာဖလားပြိုင်ပွဲတို့တွင် ချန်ပီယံဖြစ်စေခဲ့ပြီးဖြစ်ကာ ၎င်း၏လက်ထက်တွင် ဂျူဗင်တပ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ နှစ်ကြိမ်တိုင် တက်လှမ်းရောက်ရှိခဲ့သော်လည်း ဒုတိယဆုများဖြင့်သာ ကျေနပ်ခဲ့ရသည်။