News

POST TYPE

POPULAR POST

စက်ရုံနှင့် မှိုင်းရုံဆောက်မည့် ရော်ဘာခြံငယ်များကို အတိုးနှုန်း သက်သာစွာဖြင့် ငွေချေးရန် တောင်းဆို


ရန်ကုန်၊ မတ် ၁၀

စက်ရုံနှင့် မှိုင်းရုံများဆောက်မည့် ရော်ဘာခြံငယ်များကို တစ်ဧကနှုန်းထား သတ်မှတ်၍ ပိုင်ဆိုင်မှုဧကအလိုက် အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးရန် နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးတွင် အစိုးရထံသို့ တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် စံချိန်စံညွှန်းမီသော RSS ရော်ဘာများကို မထုတ်လုပ်နိုင်သောကြောင့် RSS 3 အဆင့် အနိမ့်ဆုံးထုတ်လုပ်နိုင်ရန် ရော်ဘာခြံငယ်များအတွက် ငွေကြေးလိုအပ်သဖြင့် ယင်းကဲ့သို့ တောင်းဆိုခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပုံစံ (၇) ရပြီးတဲ့ ခြံလေးတွေရှိတယ်။ ဒီခြံလေးတွေကလည်း မှိုင်းရုံတွေ ဘာတွေမရှိတော့ ရော်ဘာအစိုပြားနဲ့ အထူပြားတွေကို ထုတ်လုပ်နေရတဲ့အတွက် ဈေးမရတဲ့ အခက်အခဲတွေကြုံနေရတယ်”ဟု ၎င်းက ဆိုသည်။

ရော်ဘာခြံသည် နှစ်လတ်ချေးငွေ မျိုးလိုအပ်ပြီး ယခုငွေချေးနေသည့်ပုံစံသည် နှစ်ချင်းဆပ်ပုံစံမျိုးဖြစ်နေ၍ ခြံငယ်လေးများမှာ ပြန်ဆပ်မည့် အချိန်အခက် အခဲရှိကြောင်း၊ ချေးငွေ၏ အတိုးသည်လည်း ကုန်ထုတ်လုပ်ငန်းများကဲ့သို့ ၁၃ ရာခိုင်နှုန်းပေးနေရသောကြောင့် အတိုးနှုန်းလျှော့ချသင့်ကြောင်း ရော်ဘာစိုက် ပျိုးသူတစ်ဦးက ပြောကြားသည်။

“ခြံငယ်တွေက SME လုပ်ငန်းတွေထဲမှာ အကျုံးဝင်ပေမယ့် အခု JICA ကနေ ငွေချေးတဲ့ပိုက်ဆံဆို မရတဲ့သူက ပိုများတယ်။ JICA ချေးငွေက အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းရှိတဲ့အတွက် လူတိုင်း လိုချင်တယ်။ ရော်ဘာခြံတွေကကျတော့ မရဘူး”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းရော်ဘာဈေးကွက်သည် စံချိန်မီရော်ဘာထုတ်လုပ်နိုင်မှုမှာ အနည်းငယ်သာရှိသဖြင့် ရော်ဘာဈေးကျဆင်းပါက ရော်ဘာခြံငယ်များ၏ ထုတ်ကုန်များမှာ ဈေးနှိမ်ဝယ်ယူခံရကြောင်း၊ လက်ရှိ ရော်ဘာပေါက်ဈေးသည် တစ်ပေါင်ကို ကျပ် ၇၀၀ ကျော်ရှိကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

J-13