News

POST TYPE

POPULAR POST

တပ်မတော်နှင့် TNLA နမ္မတူတွင် တိုက်ပွဲဖြစ်
ရန်ကုန်၊ မတ် ၈

တပ်မတော်နှင့် တအာင်း-ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မတ်လ ၈ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ထံမှ သိရသည်။

နမ္မတူမြို့နယ် ပန်လောကျေးရွာနှင့် နာဆိုင်းကျေးရွာကြား နံနက် ၄ နာရီခွဲမှ ၅ နာရီခွဲအချိန်ထိ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုသည် ငြိမ်သက်သွားခြင်းမရှိဘဲ နှစ်ဖက် အပြန်အလှန်စောင့်ကြည့်နေသည့် အနေအထားတွင်ရှိပြီး တပ်မတော်ဘက်မှ စစ်အင်အားဖြည့်တင်းနေကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လဆန်းပိုင်းများတွင် တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ ရှမ်းမြောက်ဒေသတစ်ခွင်၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခဲ့ပြီး နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ့်စန်၊ နမ္မတူ စသည့် ဒေသများတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော်ဘက်က သတင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိပေ။

တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားမှုများသည် နီးစပ်သည့်ကျေးရွာများသို့ ထိခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း နမ္မတူစစ်ရှောင်စခန်းများတွင် တာဝန်ယူဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။

“အရမ်းပြင်းထန်တဲ့ တိုက်ပွဲကြီးလိုလည်း မဟုတ်ဘူး။ ကြိုးကြားကြိုးကြား တိုက်ပွဲတွေ ဖြစ်လိုက်မဖြစ်လိုက်နဲ့ ဒီမှာ မနှစ်ကလည်း စစ်ရှောင်တွေ ဆက်တိုက်ပဲ ဝင်လာခဲ့တာ”ဟု ၎င်းက ဆိုသည်။

နမ္မတူမြို့တွင် စစ်ဘေးရှောင်စခန်းလေးခုရှိပြီး ကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူခြောက်ရာကျော်ခန့်ရှိကြောင်း၊ ယင်းဒုက္ခသည်များကို မြို့နယ်က ဖွဲ့စည်းထားသည့် စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးကော်မတီက စောင့်ရှောက်ထားကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

တအာင်း-ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) သည် အစိုးရနှင့် အပစ်ရပ်သဘောတူထားခြင်းမရှိသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး “ဝ” တပ်ဖွဲ့ (UWSA) ဦးဆောင်သည့် နိုင်ငံရေးဆွေးနွေးမှုကော်မတီ (FPNCC) တွင်လည်း ပါဝင်နေသည့်အဖွဲ့ဖြစ်သည်။

J-08