News

POST TYPE

POPULAR POST

အရက်နှင့် ကာမအားတိုးဆေး သောက်ပြီး လေးနှစ်မိန်းကလေးကို အဓမ္မပြုကျင့်သူကို တစ်လအကြာတွင် ဖမ်းမိ
04-Mar-2018 tagged as အဓမ္မပြုကျင့်

ရန်ကုန်၊ မတ် ၎

ပန်းလှိုင်ဘူတာနှင့် ကြည့်မြင်တိုင် ဘူတာကြား မြို့ပတ်ရထားလမ်းဘေးတွင် လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အရက်နှင့် ကာမအားတိုးဆေး သောက်ထားပြီး အဓမ္မ ပြုကျင့်ခဲ့သည်ဟု ယူဆရသည့် အမျိုးသားတစ်ဦးကို တစ်လအကြာ (မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက) ဘုရားလမ်းဘူတာတွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဖမ်းမိသူ ကိုကိုနိုင်(ခ) ကိုနိုင် (ခ) နိုင်ကြီးထံမှ ကာမ အားတိုးဆေးများနှင့် လိမ်းဆေးများကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းမှာ ဖေဖော်ဝါရီလ ၂ ရက် ည ၈ နာရီခွဲက ၎င်းနေထိုင်ရာ ဘုရားလမ်းဘူတာမှ ပန်းလှိုင်ဘူတာသို့ သွားရောက်ပြီး ဘူတာ ခုံးတံတားအောက်တွင် ကာမအားတိုးဆေးနှင့် အရက်တို့ကို သောက်ခဲ့ပြီးနောက် ဘူတာစင်္ကြံတွင် အိပ်ပျော်နေသည့် လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ပါးစပ်ကို လက်ဖြင့်ပိတ်၍ ရထားသံလမ်းဘေးအနီးတွင် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

“အဓမ္မပြုကျင့်ခံရတဲ့ ကလေးရဲ့ ဖအေနဲ့ ပြစ်မှုကျူးလွန်သူက အရက်အတူ သောက်စားနေကျ။ အဲဒီညက ကလေးရဲ့ ဖအေရော မအေရောက မရှိကြဘူး။ အိမ်ခြေမဲ့တွေဆိုတော့ ဘူတာစင်္ကြံဘေးမှာ ကလေးတွေကို ဒီအတိုင်း သိပ်ထားခဲ့တာ။ ဒီလူက ရောက်လာပြီး အိပ်ပျော်နေတဲ့ မိန်းကလေးကို ပွေ့ချီခေါ်သွားတာ။ ကလေးကလန့်နိုးပြီး အော်တော့ ပါးစပ်ကိုလက်နဲ့ပိတ်ပြီး ရထားသံလမ်းဘေးက မှောင်ရိပ်ထဲမှာ အဓမ္မပြုကျင့်ခဲ့တာလို့ ဝန်ခံထွက်ဆိုထားတယ်”ဟု ရဲအရာရှိက ပြောသည်။

အဓမ္မ ပြုကျင့်ခံရသည့် လေးနှစ်အရွယ် မိန်းကလေးငယ်မှာ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက် နံနက်ပိုင်းက ကြည့်မြင်တိုင် ဘူတာဘက်မှ ပန်းလှိုင် ဘူတာဘက်သို့ ရထားသံလမ်းအတိုင်း လမ်းလျှောက်ပြန်လာစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့က တွေ့ရှိခဲ့ပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း၊ ယင်းနောက် စစ်ဆေးရာ မိန်းကလေးမှာ အဓမ္မပြုကျင့်ခံထားရကြောင်း သိရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးခဲ့ရာမှ တစ်လအကြာတွင် ပြစ်မှုကျူးလွန်သူ ကိုကိုနိုင် (ခ) ကိုနိုင် (ခ) နိုင်ကြီးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဖမ်းမိသူမှာ ၂၀၀၉ ခုနှစ်က ကြည့်မြင်တိုင် ဘူတာရုံတွင် အရက်မူး ဆဲဆိုမှုဖြင့် ထောင်ခုနစ်ရက်ကျခဲ့ပြီး လှည်းကူးမြို့နယ်တွင် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(င) ဖြင့် ထောင်ဒဏ် တစ်နှစ်ကျခဲ့ဖူးသူဖြစ်ပြီး သက်ငယ်မုဒိမ်းမှု ကျူးလွန်သည့် ၎င်းကို ထိရောက်ပြစ်ဒဏ် ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03