News

POST TYPE

POPULAR POST

မြယမုံအိမ်ရာတွင် ကျပ်သိန်း ၉၀၀၀ လိမ်လည်မှုဖြစ်
ရန်ကုန်၊ မတ် ၃

သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ မြယမုံ (၅) လမ်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကို ကျပ်သိန်း ၉၀၀၀ လိမ်လည်မှုဖြင့် မတ်လ ၂ ရက်နေ့က သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်ခံရသူ ဒေါ်သူဇာမြင့်ထွန်းမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဘဝမြင့်ရပ်ကွက်၊ မလိခအိမ်ရာဝင်းတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်း ၉၀၀၀ ကို ချေးယူခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

ဒေါ်သူဇာမြင့်ထွန်းက ၎င်း၏ယောက္ခမဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့၏ အမည်များဖြင့် သမဝါယမဘဏ်တွင် ဘဏ်ချေးငွေပြန်သွင်းရန်နှင့် ချေးငွေသက်တမ်းတိုးဆောင်ရွက်ရန်အတွက် ကျပ်သိန်း ၉၀၀၀ လိုအပ်နေပြီး ဘဏ်ချေးငွေရရှိပါက ယင်းငွေများကို ပြန်လည်ပေးဆပ်မည်ဖြစ်ကြောင်းနှင့် ယုံကြည်စေရန် ၎င်း၏ယောက္ခမနှင့် အစ်ကိုဖြစ်သူတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းများနှင့် သမဝါယမဘဏ်တွင် ငွေထုတ်ယူမည့် ချက်လက်မှတ်စာအုပ်မူရင်းနှစ်အုပ်ကို ပေးအပ်ထားခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“အသိသက်သေ နှစ်ယောက်ရှေ့မှာ နှစ်ဦးသဘောတူ ငွေအပ်နှံရေး ကတိစာချုပ်ချုပ်ဆိုပြီး လက်မှတ်ရေးထိုးခဲ့ကြတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ချေးယူထားတဲ့ငွေကို ပြန်ပေးရမယ်လို့ စာချုပ်ထဲပါတယ်။ ဒါပေမဲ့ ရက်ပြည့်သွားခဲ့ပေမယ့် ငွေပြန်လာမဆပ်လို့ ပေးထားတဲ့ ချက်လက်မှတ်စာအုပ်တွေကို ဘဏ်မှာ သွားစစ်ကြည့်တော့ ငွေမရှိတဲ့ ချက်လက်မှတ်စာအုပ်တွေဖြစ်နေမှန်း သိခဲ့ပြီးမှ ရဲစခန်းမှာ အမှုလာဖွင့်တာ။ လက်ရှိ တိုင်ကြားခံရသူကို မမိသေးဘူး”ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ အမှုဖွင့်တိုင်ကြားခံရသည့် အမျိုးသမီးမှာ ယုံကြည်အောင်ပြောဆိုပြီး ငွေများလိုက်လံလိမ်လည်ရယူနေကြောင်း သတင်းများရရှိထားသော်လည်း လတ်တလော အမှုဖွင့်တိုင်ကြားခံရသူကို မမိသေးသောကြောင့် သတင်းဖြစ်စဉ် အသေးစိတ်ကို ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

S-03