News

POST TYPE

POPULAR POST

ထီလက်မှတ်ဖိုး မပေးရသေးသည့် အမျိုးသမီး ကျပ်သိန်းတစ်သောင်းထီပေါက်
01-Mar-2018 tagged as

မန္တလေး၊ မတ် ၁

ထီလက်မှတ်ဖိုး မပေးရသေးသည့် အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး မတ်လ ၁ ရက်နေ့ကဖွင့်သည့် အောင်ဘာလေထီဖွင့်ပွဲတွင် ကျပ်သိန်းတစ်သောင်း ထီ ကံထူးသွားခဲ့သည်။

ချမ်းအေးသာစံမြို့နယ် မလွန်မြောက် ကြယ်ခတ်ဝင်းတွင် နေထိုင်သည့် အသက် ၆၇ နှစ်အရွယ်ရှိ ဒေါ်ယုယုက ၁၂ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲ၏ အမြင့်ဆုံးဆုဖြစ်သော ကျပ်သိန်းတစ်သောင်းဆုကို ဆွတ်ခူးသွားခဲ့ခြင်းဖြစ်သည်။

“အမေက လစဉ် ထီထိုးပါတယ်။ ဒီဝင်းထဲကိုလာပြီး ထီရောင်းပေးတဲ့ ကောင်လေးရှိတယ်။ သူ့ဆီမှာ လစဉ် ငါးစောင်ထိုးနေကျပါ။ ခုပေါက်တဲ့ဟာလည်း သူ့ဆီမှာ ထိုးထားတာ။ သူ့ကို ထီလက်မှတ်ဖိုးတောင် မပေးရသေးဘူး။ ဒီမနက်ကျတော့ ဖုန်းဆက်ပြီး အကြောင်းကြားလာတာ”ဟု ဒေါ်ယုယုက ပြောဆိုသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်က တစ်သောင်းဆု ပေါက်ဖူးခဲ့ပြီး ယင်းနောက်ပိုင်းတွင် ထီမပေါက်တော့ကြောင်း၊ သားသမီး ငါးဦးအနက် အိမ်ပိုင် ဝင်းပိုင် မရှိသူများကို အိမ်ဝယ်ပေးမည်ဖြစ်ကာ မိသားစု ကိုးကွယ်ရာဘုန်းကြီးကျောင်းကို ပြုပြင်မွမ်းမံခြင်းနှင့် ကထိန်ခင်းခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ 

မန္တလေးမြို့ရှိ ခိုင်ရွှေဝါ ထီဆိုင်မှ လက်ထောက်မန်နေဂျာ ဦးကျော်မျိုးသွင်က “ကျွန်တ်ေတို့ဆိုင်က ကျပ်သိန်း တစ်သောင်းဆုနဲ့ သိန်းသုံးထောင် တစ်ဆုပါတယ်။ ထီ ၅၀၀ တန်စဖွင့်တုန်းကလည်း ကျပ်သိန်းငါးထောင်ဆု ပေါက်ဖူးပါတယ်။ ကျပ်သိန်းတစ်သောင်းက ကိုယ့်ဆိုင်က ထွက်တယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာတာပေါ့”ဟု ပြောကြားသည်။

ခိုင်ရွှေဝါထီ ဆိုင်အနေနှင့် ပထမဆုံးအကြိမ် ကျပ်သိန်းတစ်သောင်းဆု ပေါက်ခဲ့ခြင်းဖြစ်သည်။ 

M-04/ J-11

  • TAGS