News

POST TYPE

POPULAR POST

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းနှင့် တွေ့ဆုံခြင်း
22-Feb-2018

ဖေဖော်ဝါရီလ ၁၉ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်း ကော်မတီက တင်သွင်းသော ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ ပုဒ်မ (၁၈) ကို ကန့်ကွက်ရန်ပြင်ဆင်နေသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ ဥပဒေပညာရှင်လည်းဖြစ်သူ ဒေါက်တာ ဒေါ်ညိုညိုသင်းနှင့် ဥပဒေကြမ်းပါ အချက်များနှင့်ပတ်သက်၍ The Voice က တွေ့ဆုံမေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြပါသည်။

Voice : လက်ရှိ ငြိမ်းစုစီ ဥပဒေကြမ်းကို ကန့်ကွက်မယ်လို့ သိရတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတာ သိပါရစေ။
Dr.NNT : ဟုတ်တယ်။ အန်တီတို့ ကန့်ကွက်မယ်။ နည်းမျိုးစုံနဲ့ ကန့်ကွက်မယ်ပေါ့။ အထူးသဖြင့် အန်တီ တစ်ဦးတည်း သဘောအရတော့ ဒီပုဒ်မ ၁၈ အဖြစ် ဖြည့်စွက်မယ်ဆိုတဲ့ကိစ္စပေါ့။ အဲဒီမှာ မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေရန် ဆန္ဒပြစေရန် လှုံ့ဆော်တယ်၊ တိုက်တွန်းတယ်ဆိုရင် ထောင်ဒဏ် သုံးနှစ်ထိ ချနိုင်တယ်ဆိုတာပါတယ်ပေါ့။ အဲဒီပြဋ္ဌာန်းချက်ကို ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း အင်မတန်ကို ကျယ်ပြန့်ပြီး ယေဘုယျဆန်တယ်။ ဖိနှိပ်တဲ့ပြဋ္ဌာန်းချက် ဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ အဲဒီမှာ အန်တီ ပို့စ်တစ်ခု တင်လိုက်တယ်။ အဲဒီပို့စ်ကို ဖတ်ကြည့်လိုက် (ငြိမ်းစုစီ ဥပဒေကြမ်းကို ဦးဆောင်ဆန္ဒပြမည်ဟု ရေးသားထားသည်)။ ဒီဥပဒေသာ အတည်ဖြစ်သွားရင် ဒီပို့စ်တင်လိုက်ရုံနဲ့ ထောင်သုံးနှစ် ချလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပြဋ္ဌာန်းချက်ထဲမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ ပျက်ပြားစေရန် အကြံနဲ့ ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်းကိုသော်လည်းကောင်း သုံးစွဲပြီးတော့ ဒီလိုမျိုး ငြိမ်းချမ်းစွာ ဆန္ဒပြအောင် လှုံ့ဆော်မယ်၊ သွေးဆောင်မယ်၊ ဖြားယောင်းမယ် သို့မဟုတ် တိုက်တွန်းမယ်ဆိုရင် ပြစ်မှုဖြစ်တယ်လို့ ပါတယ်လေ။အန်တီ အခု ပို့စ်တင်လိုက်တာက တိုက်တွန်းတာပဲ။ ဒီဥပဒေကို ဆန္ဒပြဖို့ တိုက်တွန်းတယ်လို့ သတ်မှတ်လို့ ရတယ်လေ။ တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ သတ်မှတ်ချင်ရင် သတ်မှတ်လို့ရတယ်လေ။ အဲဒီတော့ အန်တီက ဘာမှ မလုပ်ဘဲနဲ့ ဒီပို့စ် တင်လိုက်ရုံနဲ့တင် ဒီပုဒ်မနဲ့ ငြိမှာပေါ့။ ဆန္ဒပြပွဲဆိုတာ လုပ်မှမဟုတ်ဘူး။ လုပ်အောင်တိုက်တွန်း လိုက်တာနဲ့ တစ်ပြိုင်နက်တည်း သူက အဲဒီလို ထောင် သုံးနှစ်ချမယ်ဆိုတော့ လူတွေကို ဆန္ဒပြပွဲ လုပ်ချင်တဲ့စိတ် မရှိအောင် တစ်ဖက်သတ် ဖိနှိပ်လိုက်တဲ့ ပြဋ္ဌာန်းချက်ပဲ။

Voice : ဒီဥပဒေကြမ်းပြင်ဆင်ချက်မှာ ပုဒ်မ ၁၈ တစ်ခုကိုပဲ ကန့်ကွက်လိုတာလား၊ တခြားပုဒ်မတွေကိုကော ဘယ်လို သဘောထားရှိလဲခင်ဗျ။
Dr.NNT : အန်တီ တစ်ဦးတည်း သဘောအရဆိုရင် ပုဒ်မ ၄ မှာပါတဲ့ စီစဉ်တဲ့သူကို ဖော်ပြရမယ်တို့၊ ငွေကြေး ခန့်မှန်း ဘယ်လောက်ကုန်တာကို ခန့်မှန်းကုန်ကျစရိတ် ဖော်ပြရမယ်တို့ အဲဒါတွေကို အန်တီတို့ သဘောတူတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားတိုင်းဟာ ကိုယ့်ယုံကြည်ရာအတွက် ဒီမိုကရေစီရဲ့ရန်သူကို ဆန့်ကျင်ဖို့အတွက်ကို လိုအပ်တယ်ဆိုရင် ဆန္ဒပြကြမှာပဲ။ အဲဒီလို ဆန္ဒပြတာမှာ ရိုးဖြောင့်တဲ့သဘောနဲ့ ဆန္ဒပြတာ၊ နိုင်ငံတော် အကျိုးစီးပွားအတွက် ဆန္ဒပြ တာ ရိုးဖြောင့်တယ်ဆိုရင် ကိုယ့်ရဲ့နာမည်လည်း ဖော်ပြ ရဲရမယ်။ ကိုယ်ကုန်ကျမယ့်ငွေကိုလည်း ဖော်ပြရဲရ မယ်။ ဖော်ပြခွင့်လည်းရှိတယ်။ မဖော်ပြချင်တဲ့သူတွေလည်း ရှိရင်ရှိမှာပေါ့။ ဒါကလည်း သူတို့သဘောပေါ့။ အန်တီ့အနေနဲ့ဆိုရင် အဲဒါတွေကို လုပ်ရဲတယ်။ စေတနာသန့်သန့်နဲ့ လုပ်တာဖြစ်တဲ့အတွက်ပေါ့။ အဲဒါကြောင့် ပုဒ်မ ၄ မှာပါတဲ့ ဦးဆောင်သူကို ဖော်ပြရမယ်တို့၊ ကုန်ကျစရိတ် ဖော်ပြရမယ်တို့ဆိုတာကို အန်တီ တစ်ဦးတည်းသဘောအရ သဘောတူတယ်။ အန်တီကန့်ကွက်တာက ဒီပုဒ်မ ၁၈ ပဲ။ NLD အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်မယ်လို့ ပြောပြီးတော့ ရွေးကောက်ပွဲနိုင်သွားတယ်။ ပြီးတော့ ဒီဖွဲ့စည်းပုံထဲမှာပါတဲ့ ယေဘုယျဆန်တဲ့ အသုံးအနှုန်းတွေကို သုံးပြီးတော့ ပြည်သူကို ဖိနှိပ်တဲ့ဥပဒေကို ခိုင်မာအောင် အသက်သွင်းတဲ့ကိစ္စကို အန်တီတို့ လုံးဝကန့်ကွက်ရမယ့်ကိစ္စပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာပါတဲ့ နိုင်ငံသား အခွင့်အရေးတွေကို ကာကွယ်တဲ့၊ အားပေးတဲ့ဥပဒေတွေပဲ အန်တီတို့က ပြဋ္ဌာန်းစေချင်တယ်ပေါ့။ အခုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ယေဘုယျဆန်တဲ့ စကားလုံးတွေကို အတိအကျ ယူပြီးတော့ ပြည်သူတွေကို ဖိနှိပ်တာဆိုရင် အညှောက်ထွက်စပြုနေတဲ့ ဒီမိုကရေစီ မျိုးစေ့လေးကို အညွန့်ချိုးလိုက်သလို ဖြစ်တယ်။

Voice : ဒီဥပဒေကြမ်း ပြင်ဆင်ချက်က အရင်ရှိတဲ့ ဥပဒေနဲ့ယှဉ်ရင် ဘယ်လောက်ထိ ဆိုးသွားသလဲဆိုတာ နည်းနည်းလောက် ရှင်းပြပေးပါခင်ဗျ။
Dr.NNT : အရမ်းဆိုးသွားတယ်။ အရင်ရှိတဲ့ ဥပဒေထက်စာရင်။ ဥပဒေပြုတဲ့သူတွေကတော့ ဒီလောက်ထိ ဆိုးလိမ့်မယ်လို့ သူတို့က ထင်ချင်မှထင်မှပေါ့။ အမျိုးသားလွှတ်တော်က ရှင်းပြတာကို အန်တီ ဖတ်လိုက်ရတယ်။ ဒီဆန္ဒပြပွဲတွေကို သွေးရိုးသားရိုး မဟုတ်ဘဲနဲ့ ပိုက်ဆံပေးပြီး စီစဉ်နေတာ ရှိတယ်ပေါ့။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ပိုက်ဆံပေးပြီး စီစဉ်သူတွေကို ဖော်ထုတ်ချင်တာပေါ့။ ဆန္ဒဖော်ထုတ်ပွဲတွေကို နိုင်ငံရေး အကျိုးအမြတ်အတွက် တည်ငြိမ်မှုကို ပျက်ပြားအောင် ပြည်သူလူထုရဲ့ တကယ့်ဆန္ဒမဟုတ်ဘဲနဲ့ စားဝတ်နေရေးကျပ်တည်းတဲ့ ပြည်သူလူထုကို အခွင့်ကောင်းယူပြီးတော့ မရိုးဖြောင့်တဲ့သဘောနဲ့ လုပ်တာကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ ပုဒ်မ (၄) ကို လုပ်တာလို့ အန်တီက ယူဆတယ်။ ဒါပေမဲ့ ဥပဒေပြုမယ့်သူတွေ မမြင်လိုက်တဲ့အချက်က ဒီဥပဒေကို လက်တွေ့ကျကျ အကောင်အထည်ဖော်မှာက ရဲအရေးပိုင်တဲ့ ဥပဒေဖြစ်တဲ့အတွက် ပြည်ထဲရေး ဝန်ကြီးဌာန ဖြစ်နေတယ်။ တည်ငြိမ်မှုကို ပျက်ပြားအောင်၊ တရားဥပဒေ စိုးမိုးမှု ပျက်အောင် လုပ်တယ်လို့ တရားစွဲတာက အုပ်ချုပ်ရေးမှူးတွေပဲ ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက အကောင်အထည်ဖော်မှာ မဟုတ်ဘူး။ သူတို့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ ပြည်ထဲရေးက အကောင်အထည်ဖော်မှာဆိုတော့ ဒီဥပဒေကို တလွဲသုံးနိုင်တဲ့ အနေအထားတွေ ရှိချင်လည်း ရှိလာနိုင်တယ်။ ဒီပုဒ်မကို ကြည့်ခြင်းအားဖြင့် တလွဲသုံးခွင့်လည်း ပေးထားတဲ့သဘော ဖြစ်နေတယ်လေ။ ဒါကြောင့် ဒီပုဒ်မ (၁၈) ပြင်ဆင်ချက် အင်မတန် ကျယ်ပြန့်ပြီးတော့၊ အင်မတန် ယေဘုယျဆန်ပြီးတော့ ပြည်သူလူထုကိုဖိနှိပ်ဖို့ လူတစ်စုကို လက်နက်တပ်ဆင်ပေးသလိုဖြစ်နေတယ်။ ဒါကြောင့် လွှတ်တော်အနေနဲ့က ဒီပုဒ်မကို ဖျက်ကိုဖျက်ရမယ်။

Voice : အဲဒါဆို ပုဒ်မ (၁၈) က လုံးဝကို ဖျက်ဖို့ လိုအပ်တယ်လို့ ထင်တယ်ပေါ့။
Dr.NNT : ဟုတ်တယ်။ လုံးဝကို ဖျက်ရမယ့်ပုဒ်မလို့ အန်တီတို့မြင်တယ်။ ပုဒ်မ (၄) ကတော့ အန်တီတစ်ဦးတည်းသဘောအရ သဘောတူပါတယ်။ ပုဒ်မ (၁၈) ကတော့ ဖျက်ကို ဖျက်ရမယ်။

Voice : ဒါက ဥပဒေကြမ်းပဲ ရှိသေးတော့ ဒီပုဒ်မကို လွှတ်တော်က ပြန်ဖျက်အောင်လို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီ ရောက်အောင်လို့ ဘာတွေလုပ်ဆောင်သွားမလဲ။
Dr.NNT : အားလုံး အစည်းအဝေးတွေ ထိုင်ပြီးတော့ လုပ်မယ်။ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီးတော့ပေါ့။ လွှတ်တော်ကို အရောက်သွားတဲ့ အဖွဲ့တွေလည်း ရှိချင် ရှိနိုင်တယ်။ သတင်းစာ ရှင်းလင်းပွဲလုပ်မယ့် အုပ်စုတွေလည်း ရှိမယ်။ ဒီဆန္ဒပြပွဲလုပ်ဖို့ အုပ်စုတွေလည်း ရှိလာမှာပေါ့။ အခုက လူမစုံသေးတော့ မဆုံးဖြတ်ရသေးတော့ မပြောချင်သေးဘူး။

Voice : ဒီဥပဒေကြမ်း ပြင်ဆင်ချက်တွေက အမှန်တကယ် နစ်နာလို့ ဆန္ဒပြဖို့ လိုအပ်နေတဲ့ ပြည်သူတွေအပေါ်မှာ ဘယ်လောက်ထိ အခက်အခဲ ဖြစ်ပေါ်စေလဲ။
Dr.NNT : သူက ပြောထားတယ်။ ဒီပုဒ်မ (၁၈) အရ ဒါက မတရားဘူး၊ ဆန္ဒပြကြလို့ ပြောလိုက်တာနဲ့ကို ထောင်ဒဏ် သုံးနှစ် ချလို့ရသလို ဖြစ်နေတယ်။ အစိုးရနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ တရားဥပဒေ စိုးမိုးရေးလို့ ပြောလိုက်တာနဲ့ တစ်ပြိုင်တည်း တရားရုံးတွေကလည်း အနည်းဆုံး သုံးနှစ်ကတော့ ချကြမှာပဲလေ။ ချကြတာ များတယ်။ အဲဒါကြောင့် တိုင်းပြည် အကျိုးစီးပွားအတွက် ထောက်ပြတဲ့သူတွေ၊ ဒီမိုကရေစီရှင်သန်ရေးအတွက် လွတ်လပ်စွာ သဘောထား ကွဲလွဲတဲ့သူတွေအတွက် သက်ရောက်မှု ကြီးမားတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုကို အားပေး အားမြှောက် ပြုရမယ့်အစား ဖျက်ဆီးတဲ့ ပုဒ်မတစ်ခုလို့ အန်တီတို့က မြင်တယ်။ အဲဒါကြောင့် ဒီပုဒ်မက သက်ရောက်မှု ကြီးမားတယ်၊ ဒီမိုကရေစီရဲ့ ရန်သူဖြစ်တယ်။

Voice : တချို့က ဒီဥပဒေမှာ ပြဋ္ဌာန်းထားသလိုမျိုး တမင်တကာ လှုံ့ဆော်နေတဲ့သူတွေရှိနေတော့ သူတို့ကို ဘယ်လိုအရေးယူမလဲ။
Dr.NNT : အဲဒါက အန်တီတို့မှာ အခြားဥပဒေတွေ အများကြီးရှိတယ်လေ။ နိုင်ငံတော် အေးချမ်းသာယာ ရေးနဲ့ တည်ငြိမ်ရေးကို ဖျက်ဆီးတယ်ဆိုရင် တခြား သော ဥပဒေပုဒ်မတွေ အများကြီးရှိတယ်လေ။ ဥပမာ နိုင်ငံတော် အကြည်ညိုပျက်မှုပေါ့။ အခုလည်း မကြာခဏ သုံးနေတာပဲလေ။ တခြားဥပဒေတွေနဲ့ လုပ်လို့ရ တဲ့ဟာကို ဒီငြိမ်းစုစီမှာ လာထည့်တာက ပြည်သူလူထုရဲ့ လွတ်လပ်စွာ ဆန္ဒပြခွင့်ကို ဒါသက်သက်မဲ့ ထိပါးတဲ့ ဥပဒေပုဒ်မပဲ ဖြစ်တယ်။ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေတယ်ဆိုရင် သူတို့လုပ်တဲ့ပြစ်မှုက ဘာလဲ၊ ဘာလုပ်သလဲဆိုတာ အရေးယူနိုင်မယ့် အခြားဥပဒေတွေ ရှိပြီးသားပဲ။ ဒီငြိမ်းစုစီမှာ ဒီပုဒ်မကို လာထည့်စရာ အကြောင်း လုံးဝမရှိဘူး။

Voice : အဲဒါဆိုရင် ဒီပုဒ်မကို ကန့်ကွက်ဖို့ကို ပြင်ဆင်နေကြပြီပေါ့နော်။
Dr.NNT : ဟုတ်ပါတယ်။ အန်တီတို့ကတော့ ဒီဥပဒေပုဒ်မကို နည်းမျိုးစုံနဲ့ ကန့်ကွက်သွားဖို့ ပြင်ဆင်နေကြပါပြီ။

ပွင့်ဇင်မော်ဟိန်း