News

POST TYPE

POPULAR POST

ဂျင်းဖြိုး
17-Feb-2018 tagged as


ရန်ကုန်မြို့ကြီးက စိမ်းလန်းပြီး နေချင်စဖွယ်ကြီး ဖြစ်နေပြီတဲ့ ...။

ထုံးစံအတိုင်း ကိုကြီးဖြိုးက ပြောတာပေါ့။ ကိုဖြိုး ပြောရင်တော့ ဟုတ်မှာပဲဆိုပြီး စိုပြေလည်း ရန်ကုန်ကို လျှောက်ကြည့်ဖြစ်တယ်။ အဟုတ်ပဲဗျို့။ ရန်ကုန်မြို့ကြီးက တကယ်ကို စိမ်းလန်းနေတာပဲ ...။

ခင်ဗျားတို့လည်း မယုံရင် လျှောက်ကြည့်လိုက် ...။

ကိုဖြိုးက အဲ့လိုပဲ။

မလုပ်ရင်လည်း မလုပ်ဘူး။ လုပ်ရင်လည်း ...။ သိတဲ့အတိုင်းပေါ့ဗျာ ...။

ဟိုရက်ပိုင်းကလည်း ကိုဖြိုးက ပြောသေးတယ်။ ရန်ကုန်က လူတစ်ရာကို သူဌေးဖြစ်အောင် ငွေချေးပေးမယ်တဲ့ ...။ အဲ့လူတစ်ရာကနေ နောက်ပိုင်း လူတစ်ထောင်၊ နောက် လူတစ်သောင်း၊ နောက် တစ်သိန်းပေါ့။ အဲ့လိုနဲ့ ရန်ကုန်တစ်မြို့လုံး သူဌေးဖြစ်ကရောပေါ့။ ဘယ်လောက် ကောင်းတဲ့ စီမံကိန်းလဲ။

အဲ့သတင်းကို ကြားတော့ စိုပြေလည်း ပြေးတော့ တာပဲ။ ကိုဖြိုးရဲ့ ရုံးခန်းကိုပေါ့။ တိုင်းအစိုးရရုံးကိုလေ ...။

အမယ်လေး ... စိုပြေတောင် နောက်ကျနေတယ်။ စိုပြေ့ရှေ့မှာ သူဌေးဖြစ်ချင်လို့ တန်းစီနေသူတွေ အပြည့်ပဲ။

တော်သေးတယ်။ စိုပြေက လူတစ်ရာအတွင်း ဝင်နေလို့ ...။

ဒါပေမဲ့ စောင့်သာ စောင့်လိုက်ရပါတယ်။ ဘယ်သူမှလဲ ထွက်မတွေ့ဘူး။

အဲ့ဒါနဲ့ စိုပြေလည်း ဦးဆောင်ပြီး အဲ့မှာရောက်နေတဲ့ သူဌေးဖြစ်ချင်သူ စာရင်းတွေကိုကောက်ပြီး လုံခြုံရေးလက်ထဲကို ထည့်ခဲ့လိုက်တယ်။ ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်တော့ ရှိတာပဲလေ ...။

ကိုဖြိုးကို စာရင်းပေးထားတာပဲ မကြာခင်တော့ စိုပြေလည်း သူဌေးဖြစ်မယ် ထင်တယ်။ အခုထိတော့ ကိုဖြိုးက ပြန်မဆက်သွယ်သေးဘူး။ သူလည်း အလုပ်များတယ် ထင်ပါရဲ့ ...။

အခုလည်း ရန်ကုန်မြို့ကြီးက နေချင်စဖွယ် စိမ်းလန်းနေတဲ့ မြို့ကြီးဖြစ်နေပြီလို့ ပြောလိုက်ပြီ။ စိုပြေ လေ့လာကြည့်တာတော့ တကယ်ပဲဗျ။ လှည်းတန်း ပြည်မြန်မာ ကုန်တိုက်ပေါ်ကနေ တက်ကြည့်တော့လည်း ဟုတ်တယ်။ ရန်ကုန်တက္ကသိုလ်ထဲကို လှမ်းကြည့်လိုက်တာ။ တကယ်ပဲ စိမ်းနေတာပဲ။ ရပ်ကွက်တွေထဲ လျှောက်ကြည့်တော့လည်း အဟုတ်ပဲ စိမ်းနေတာပဲ။

ဘာလို့ ဒီလောက်စိမ်းနေတာလဲလို့ စုံစမ်းကြည့်တော့ ... နေပူလို့ ပိတ်စအစိမ်းတွေ မိုးထားတာတဲ့။ ပြီးတော့ စိုပြေကြည့်တဲ့နားက ကြံ့ခိုင်ရေးရုံးကြီး ဖြစ်နေတာကိုး ...။

စိမ်းနေတာပေါ့။

အဲ့ဒါနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကားနဲ့ ရန်ကုန်မြို့ထဲ လျှောက်ကြည့်ပြန်တယ်။ မီးပွိုင့်ကတော့ သိပ်မစိမ်းဘူး။ နီတာက ပိုများနေတယ်။ မီးပွိုင့်နား ပတ်ချာလည်မှာတော့ အစိမ်းကို မတွေ့ဘူး။ ကွမ်းသွေးတွေနဲ့ နီရဲနေတာပဲ။

မြို့ထဲရောက်တော့လည်း ရဲရဲနီနေတာပဲ။ ကွမ်းသွေးတွေကလည်း များတာကိုး။ ပြီးတော့လည်း တရုတ်နှစ်ကူးကလည်း ရှိတယ်မဟုတ်လား ...။

မြန်မာနှစ်ကူးမှာသာ မဏ္ဍပ်တွေကို ဆောက်ခွင့်သိပ်မပြုတာ။ တရုတ်နှစ်ကူးကတော့ စည်စည်ကားကားပါပဲ။ ဟုတ်လည်း ဟုတ်တာပဲ။ တရုတ်တွေ နှစ်ကူးရင် တော်ရောပေါ့။ မြန်မာတွေ ဘာလို့နှစ်ကူးမတုံး။

သူငယ်ချင်းရဲ့ကား ရပ်တော့လည်း ပါကင်ကြေးက ပေးရသေးသဗျ။ ပါကင်ကြေး မပေးရတော့တာ ကြာပြီမဟုတ်လား ...။

ဒါပေမဲ့လည်း ပေးရတာပဲ။ မြို့တော်ဝန်ကြီးတောင်မှ မိုက်ကြေးခွဲခံပြီး ပါကင်ကြေးပေးရတာဆိုတော့ စိုပြေတို့လည်း ပေးရတာပေါ့။

နောက်တော့ ပလက်ဖောင်းပေါ်ကို တက်လျှောက်တယ်။ လမ်းဘေးဈေးသည်တွေနဲ့ မလွတ်ဘူးရယ်။ အဲ့တော့ လမ်းမပေါ်ကနေ လမ်းလျှောက်။ ကားတွေကို ရှောင်ရင်းပေါ့။ လမ်းမပေါ်က လမ်းလျှောက်တာလည်း ကောင်းပါတယ်။ ပလက်ဖောင်းပေါ်မှာဆို ဈေးသည်တွေနဲ့ စကားများမှာလည်း ပူရ။ မြောင်းထဲ ပြုတ်ကျရမှာလည်း ပူရနဲ့။

ရန်ကုန်မြို့ထဲ လိုက်ကြည့်တော့လည်း သိပ် မစိမ်းဘူးရယ်။ အစိမ်းဖက်တွေ သိပ်မကာကြဘူး ထင်ပါရဲ့။ အနီတွေပဲ တွေ့တယ်။ အင်းလေ ... NLD ခေတ်ကိုး ...။ ကွမ်းသွေးတွေ ထွေးပြီး ဂုဏ်ပြုကြတာ ဖြစ်မယ်။

ဒါနဲ့ တာမွေဘက်ကို ပြန်။ လမ်းမပေါ်တွေမှာ အစိမ်းမတွေ့တော့ နောက်ဖေးလမ်းကြားကို ဝင်ကြည့်ဖြစ်တယ်။ အဲ့တော့မှ တကယ့် အစိမ်းစစ်စစ်ကို တွေ့ရတော့တာပဲ။ စိမ်းလွန်းလို့ အစိမ်းပုပ်ရောင်တောင် ဖြစ်နေပြီ။ ပလတ်စတစ်အိတ် အစိမ်းတွေ။ အများကြီးပဲ။ မယုံရင် နောက်ဖေးလမ်းကြား ဝင်ကြည့်။

ပြီးတော့ မွေးမြူရေးကလည်း တကယ်ဖြစ်သဗျ။ နောက်ဖေးလမ်းကြားမှာ ကြွက်တွေချည်းပဲ။ အဲ့ကြွက်တွေကိုဖမ်းပြီး သန်လျင်ဘက်မှာ ရောင်းလိုက်ရင်တော့ လယ်ကြွက်ဆိုပြီး ထန်းရည်နဲ့ မြည်းလိုက်ကြမယ့် ဖြစ်ချင်း။

အင်းလေ ...။ ဘာပဲဖြစ်ဖြစ် ရန်ကုန်မြို့ကြီးလည်း စိမ်းနေပြီ။ နေချင်စရာကလည်း တကယ်ဖြစ်နေပြီ။

စိုပြေစိတ်ထင် ကိုဖြိုးဟာ အခုတစ်လော မျက်မှန်တွေ ဘာတွေ လက်ဆောင်ရထားတယ် ထင်တယ်။ မျက်မှန်အစိမ်းဖြစ်ဖို့ များတယ်။ ဒါကြောင့် သူ့မျက်စိထဲ အစိမ်းတွေပဲ မြင်နေတာဖြစ်မယ်။

နောက်ဆို အစိမ်းတွေ တွေ့တာများပြီး အစိမ်းကို စွဲလမ်းလို့ ကြံ့ခိုင်ရေးပါတီထဲ ပြောင်းသွားမှာတောင် စိုးရတယ်။

ဘာပဲဖြစ်ဖြစ်လေ ...။

ဟုတ်တာ မဟုတ်တာ အပထား။ ကိုကြီးဖြိုး ပြောတာဆိုတော့ ယုံရမှာပဲလေ။ ရန်ကုန်မြို့ကြီး စိမ်းနေပြီ။ နေချင်စရာ ကောင်းနေပြီ။

ဒီတော့ စိုပြေလည်း ခရီးသွား လုပ်ငန်းလေး ထောင်ဦးမှပဲ။ ဟိုက်ဂျက်ကားလေး တစ်စီးငှားမယ်။ပြီးရင် တောဘက်က လူတွေကို သွားခေါ်မယ်။ သူတို့လည်း ရန်ကုန်မြို့ကြီးကို လာချင်မှာပဲလေ။

ကိုဖြိုးစကားကို ယုံကြမှာပဲ။

ဒါဆို တော်တော်လေး အလုပ်ဖြစ်မှာပဲ။

အဲ ... တစ်ခုတော့ ရှိတယ်။

တောကလူတွေ ရန်ကုန်ရောက်မှာ ...။

ဟာ ရန်ကုန်က ကိုဖြိုးပြောသလိုလည်း မဟုတ်ပါလား။ ညစ်ပတ်နေတာပဲလို့ ဆိုလာရင်တော့ စိုပြေ့ကို ဂျင်းထည့်သူလို့ ထင်သွားနိုင်တယ်။

အဲ့လိုဆိုလည်း ကိစ္စမရှိပါဘူး။

စိုပြေကတော့ အဲ့တောက လူတွေကို ကိုဖြိုး ရုံးခန်းကို ပို့လိုက်မှာပဲ။

သူတို့ဘာသာသူတို့ ဂျင်းထည့်သူ ကိုဖြိုးဆိုပြီး ခေါ်ရင် ခေါ်ပေါ့။

စိုပြေ

  • TAGS