News

POST TYPE

POPULAR POST

အသက် ၇ လအရွယ် မိန်းကလေးတစ်ဦး၏ လက်ကောက်ကို လုယက်သူကို ဖမ်းမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

သာကေတမြို့နယ်၊ အမှတ် (၁) ဈေးအတွင်းတွင် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၉ နာရီခွဲခန့်က အသက် ၇ လအရွယ် မိန်းကလေးတစ်ဦး၏ လက်ကောက်ကို လုယက်သူ အသက် ၅၃ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတွင် နေထိုင်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ယင်းနေ့က သာကေတမြို့နယ်၊ အမှတ် (၁) ဈေးအတွင်းတွင် ဈေးဝယ်နေစဉ် ပွေ့ချီထားသော ကလေးငယ်၏လက်ကို ဆွဲသလို ထိတွေ့ခံစားရသဖြင့် စစ်ဆေးရာ ကလေး၏ ညာလက်တွင် ဝတ်ဆင်ထားသော ရွှေလက်ကောက်တစ်ကွင်းမှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးရှိ မသင်္ကာဖွယ်ရာတွေ့ရှိသူ အမျိုးသမီးကို ရှာဖွေစစ်ဆေးရာက ပြန်လည်တွေ့ရှိခဲ့သဖြင့် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“လက်ကောက်ပျောက်သွားလို့ မသင်္ကာသူကို စစ်ဆေးရှာဖွေခဲ့တာ။ အဲဒါနဲ့ပြန်တွေ့တော့ ဖမ်းပြီး ရဲစခန်းလာအပ်တာပါ။ ဘာကြောင့် အဲလို လုပ်ရတာလဲဆိုတော့ သူ့သား ၁၀ တန်း ကျောင်းသားက နေမကောင်းဖြစ်နေလို့ ဆေးဖိုးလိုတဲ့အတွက် လုပ်တာလို့ ပြစ်မှုကျူးလွန်သူက ထွက်ဆိုထားတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

ယင်းလုယက်မှုကို ကျူးလွန်သည်ဟုဆိုသော အမျိုးသမီးမှာ သာကေတမြို့နယ်၊ (၇) အနောက်ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သာကေတမြို့မ ရဲစခန်းက (ပ) ၁၀၀/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။ 
 
J-16