News

POST TYPE

POPULAR POST

ရန်ကုန်စည်ပင်ကို စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအဖြစ် ပြောင်းလဲမည့် ဥပဒေကြမ်း လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ရန်ပြင်
13-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို စီးပွားရေးအဖွဲ့အစည်းအဖြစ် အပြောင်းအလဲပြုလုပ်မည့် စည်ပင်သာယာရေး ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ရန် ပြင်ဆင်နေကြသည်။

ဖေဖော်ဝါရီလ ၂ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် တိုင်းအစိုးရအဖွဲ့က ၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းဥပဒေကြမ်းတွင် မြို့တော်စည်ပင်ကို စီးပွားရေးအဖွဲ့အစည်းအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည့် ပြဋ္ဌာန်းချက်များ ပါဝင်လာခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းနှင့်ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များကို ဖေဖော်ဝါရီလ ၁၅ ရက် နောက်ဆုံးထား၍ တင်သွင်းသွားရန် လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက တင်သွင်းသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်း၏ အခန်း ၆ တွင် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရန် အာဏာပိုင်အဖွဲ့များ၊ ဌာနများနှင့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်းများ ပြုလုပ်ရမည်ဟု ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများတွင် တည်ဆောက်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ အပန်းဖြေလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

အဆိုပါစီးပွားရေးလုပ်ငန်းများ ဖွဲ့စည်းခြင်းနှင့်ပတ်သက်သည့် အခန်းများကို ဥပဒေကြမ်းမှ ပယ်ဖျက်သင့်ကြောင်း လွှတ်တော်တွင် ကန့်ကွက်ဆွေးနွေးသွားမည်ဖြစ်ပြီး လွှတ်တော်တွင် ကိုယ်စားလှယ် တစ်ဦးချင်းအလိုက်ရော၊ ကော်မတီအလိုက်ပါ ကန့်ကွက်သွားရန် စီစဉ်နေကြောင်း ဒဂုံမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

ဦးကျော်ဇေယျသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၏ စီမံကိန်းနှင့်ဘဏ္ဍာရေး ကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သည်။

အဆိုပါ စီမံကိန်းနှင့်ဘဏ္ဍာရေး ကော်မတီအတွင်း ဆွေးနွေးမှုများပြုလုပ်ခြင်း၊ ပြင်ပပညာရှင်များ ထောက်ပြချက်များကြောင့် ယင်းအချက်များကို ပယ်ဖျက်ရန် ဆုံးဖြတ်သွားကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“ကော်မတီအလိုက်လည်း ကန့်ကွက်မယ်၊ တစ်ဦးချင်းလည်း ထပြောမယ်။ အဲဒီ စီးပွားရေးအသွင်ပြောင်းမှာက အခန်းတစ်ခန်းနဲ့ ဖော်ပြထားတာခင်ဗျ။ အခန်းတစ်ခန်းလုံး အဲဒါကြီးကို ပယ်ဖျက်သင့်ပါကြောင်းလို့ ကျွန်တော်တို့ စပြီးတော့ဖြုတ်မှာ၊ အဲဒီအခန်းကြီး စဖြုတ်လိုက်တာနဲ့ အဲဒီအခန်းနဲ့ပတ်သက်ပြီး ရေးထားတွေကတော့ ဆက်စပ်ပြီးတော့ တစ်ခါတည်းပါသွားမှာပေါ့”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေကြမ်း ကော်မတီကလည်း အဆိုပါ အခန်း (၆) တွင် ပါဝင်သည့် အာဏာပိုင် အဖွဲ့အစည်းများ၊ ဌာနများနှင့်စီးပွားရေးလုပ်ငန်းများ ဖွဲ့စည်းခြင်း ခေါင်းစဉ်အောက်တွင် ယင်းအဖွဲ့အစည်းများအတွက် ရှင်းလင်းသော ဖွဲ့စည်းပုံကို ရေးဆွဲထားခြင်းမရှိကြောင်း သုံးသပ်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထအစည်းအဝေးကို ဖေဖော်ဝါရီလ ၉ ရက်နေ့က နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ထပ်မံကျင်းပမည့်ရက်ကို ကြေညာရခြင်း မရှိသေးပေ။

J-08

  • VIA