News

POST TYPE

POPULAR POST

ကော့သောင်းမြို့တွင် ပထမအကြိမ် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ကျင်းပမည်
13-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များကို ဖိတ်ခေါ်သည့်အနေနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို မတ်လတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနထံမှ သိရသည်။

“ပထမဆုံးအကြိမ်လုပ်တာမို့ အားလုံးပူးပေါင်းဆောင်ရွက်မှ ပိုအဆင်ပြေနိုင်မယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ ခရီးသွားဧည့်သည်တွေ လည်ပတ်စရာတွေ ပေါများဖို့အတွက်လည်း ဆောင်ရွက်နေတယ်”ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိက ဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်က ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးသို့ ဝင်ရောက်မည့် အပျော်စီးသင်္ဘောခရီးစဉ်များအပြင် ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ကျင်းပနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

အဆိုပါ ခရီးသွားနှင့်ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို မတ် ၂၄ ရက်မှ၂၅ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ပွဲတော်တွင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် ပြခန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် သက်ဆိုင်သည့် ပြခန်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များကလည်း ပြသမည့်အပြင် ဆွေးနွေးပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ၊ ရိုးရာယဉ်ကျေးမှုအကအလှများကိုပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

အစိုးရသစ်လက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ် ပေါ်ပေါက်လာပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့ကာ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိက ပြောကြားသည်။

“အဏ္ဏဝါ ခရီးသွားလုပ်ငန်း  (Marine Tourism) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်းပေါင်း ၈၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ထားဝယ်၊ မြိတ်၊ ကော့သောင်းဒေသတွေမှာ ပင်လယ်အပျော်ခရီးထွက်တဲ့ (Cruise Tours) တွေ အဆင်ပြေပြေ ဝင်ရောက်လည်ပတ်နိုင်ရေးကိုလည်း လက်ရှိဆောင်ရွက်နေတယ်” ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ၂၀၁၇ ခုနှစ်အတွင်း (Cruise Tours) များ လည်ပတ်သည့် ကမ္ဘာလှည့်အပျော်စီးသင်္ဘော ခရီးစဉ်အဖြစ် သင်္ဘော ၂၀ စင်း ဝင်ရောက်ခဲ့ပြီး ခရီးသည် ၂၀၇၁၄ ဦး လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနထံမှ သိရသည်။

J-06