News

POST TYPE

POPULAR POST

တပ်ကုန်းတွင် ကိုးနှစ် အရွယ်မိန်းကလေးတစ်ဦး လည်ပင်းညှစ်သတ်ခံရ
13-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

နေပြည်တော် တပ်ကုန်းမြို့နယ် ရန်ကုန် - မန္တလေး ကားလမ်း (လမ်းဟောင်း) ဘေးရှိ လူမနေသည့် တဲတစ်လုံးတွင် ဖေဖော်ဝါရီလ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲက လည်ပင်းညှစ်သတ်ထားသည့် ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသတ်ခံရသည့် မိန်းကလေး၏ လည်ပင်းတွင် မိန်းမသုံးပုဝါ ရစ်ပတ်လျက်ရှိပြီး တဲအနောက်ဘက်အခန်းတွင် ၎င်း၏စက်ဘီးတစ်စီးနှင့် မြို့အတွင်း လှည့်လည်ကောက်ယူထားသည့် ရေသန့်ဗူးခွံများ ထည့်ထားသော ဆာလာအိတ် ၂ အိတ်ကို တွေ့ရှိခဲ့သဖြင့် တပ်ကုန်းမြို့အထွက် တိုးဂိတ်ရှိ CCTV မှတ်တမ်းကို စစ်ဆေးရာ ယင်းနေ့က သေဆုံးသူ မိန်းကလေးနှင့်အတူ အသက် ၄၃ နှစ် ကိုပို (ခ) တင်ရွှေ တို့နှစ်ဦးမှာ စက်ဘီးကိုယ်စီဖြင့် ရှောက်ကုန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း တွေ့ရှိခဲ့သည်။

ယင်းနောက် တပ်ကုန်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ ကိုပို (ခ) တင်ရွှေကို ရဲစခန်းသို့ ခေါ်စစ်ဆေးခဲ့ရာ ၎င်းက အခင်းဖြစ်တဲအတွင်းသို့ ကိုးနှစ်အရွယ်မိန်းကလေးကို ရေသန့်ဗူးခွံဝင်ကောက်မည်ဟု ချော့မော့ပြောဆိုကာ ခေါ်ဆောင်ခဲ့ပြီး သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားစဉ် မိန်းကလေးမှ အော်ဟစ်ငိုယိုနေသောကြောင့် မအော်နိုင်ရန် လည်ပင်းကို ညှစ်ထားစဉ် သေဆုံးသွားခဲ့ကြောင်း၊ အနီးတွင်တွေ့ရှိသည့် ဇာပုဝါဖြင့် မိန်းကလေး၏လည်ပင်းကို ချည်နှောင်ထားခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် လူသတ်မှု ပုဒ်မဖြင့် အမှုဖွင့်ကာ ဥပဒေနှင့်အညီ တရားစွဲတင်ပို့ရန် စီစဉ်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03