News

POST TYPE

POPULAR POST

အီရတ်တွင် လူထုစည်းဝေးပွဲ ပိတ်ပင်ထားမှုကို အာခံကာ အဂတိလိုက်စားမှုကို ထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ
18-Jul-2016 tagged as အီရတ် ဆန္ဒပြ

ဘဂ္ဂဒက်၊ ဇူလိုင် ၁၇

အီရတ်နိုင်ငံ ဘဂ္ဂဒက်တွင် ချီတက်ပွဲ ပိတ်ပင်ထားမှုကို အာခံကာ ဆန္ဒပြသူ ထောင်ပေါင်းများစွာက လူမျိုးရေး အကြမ်းဖက်ဝါဒနှင့် အဂတိလိုက်စားမှုများ အဆုံးသတ်ရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်ဟု Aljazzera သတင်းတွင် ဖော်ပြထားသည်။

ဆန္ဒပြသူ ထောင်ပေါင်းများစွာသည် သောကြာနေ့က တာရီးရင်ပြင်တွင် စုဝေးကာ ‘ပြုပြင်ပြောင်းလဲရေး အလိုရှိသည်၊ လူမျိုးရေး အကြမ်းဖက်မှု အလိုမရှိ၊ အဂတိလိုက်စားမှု အလိုမရှိ’ စသော စာတမ်းများ ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

သြဇာကြီးသော ရှီးယိုက်ဘာသာရေး ခေါင်းဆောင် မူတာဒါအယ်ဆက်ဒါ ဦးဆောင်လှုံ့ဆော်သည့် ချီတက်ပွဲသည် တရားမဝင်ကြောင်းနှင့် အကြမ်းဖက်မှုအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့များက ကြာသပတေးနေ့တွင် သတိပေးထားသည့်ကြားမှ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

ယခုလပိုင်းများအတွင်း ဆန္ဒပြပွဲများ အကြိမ်ကြိမ် စည်းရုံးလှုံ့ဆော်နေသူ အယ်လ်ဆက်ဒါက တိုင်းပြည်တွင် လူမျိုးစုနှင့် နိုင်ငံရေးပြိုင်ဘက် အုပ်စုများအကြား အာဏာခွဲဝေကာ အဂတိလိုက်စားနေကြသည့် စနစ်ကို အဆုံးသတ်ရန်နှင့် ပညာရှင်များ ပါဝင်သော အစိုးရ ဖွဲ့စည်းရန်  အပါအဝင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုနေခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် အဘာဒီက တက်ကနိုကရက်များ ပါဝင်သော အစိုးရ ဖွဲ့စည်းရေးကို ဖေဖော်ဝါရီလတွင် တိုက်တွန်းခဲ့သော်လည်း ရန်ပုံငွေအတွက် ဝန်ကြီးဌာနများအား  ထိန်းချုပ်ထားခြင်းအပေါ် မှီခိုနေကြသော အင်အားကြီး နိုင်ငံရေး အုပ်စုများ၏ ဆန့်ကျင်ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရသည်။

အဘာဒီ ခန့်အပ်သော အစိုးရအဖွဲ့ဝင်များကို ဧပြီလတွင် အတည်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် ဝန်ကြီးချုပ် အဘာဒီအပေါ် ထိုးနှက်သည့် အနေနှင့် ခုံရုံးက လွှတ်တော်ကော်မတီကို ပယ်ဖျက်ပစ်ခဲ့သည်။

အီရတ် အမျိုးသားလုံခြုံရေး အကြံပေး အရာရှိဟောင်း အယ်လ်ရူဘေးက တိုင်းပြည်တွင် ကြုံတွေ့နေရသော ပြဿနာ အမျိုးမျိုးကြောင့် ဆန္ဒပြသူများ အမျက်ထွက်ခြင်းကို အပြစ်မတင်လိုသော်လည်း ရဲတပ်ဖွဲ့၊ စစ်တပ်တို့နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း၊ အစိုးရရုံးများကို ဖျက်ဆီးခြင်းတို့ မပြုလုပ်ကြရန်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြကြရန် တိုက်တွန်းလိုသည်ဟု ပြောကြားခဲ့သည်။