News

POST TYPE

POPULAR POST

မြန်မာ-အမေရိကန် ဆက်ဆံရေးနှင့် မုန်လာဥတစ်လှည့် ကြိမ်တစ်လှည့် မူဝါဒ

The Diplomat အွန်လိုင်းမဂ္ဂဇင်းမှ ဆောင်းပါးကို NLM ဘာသာပြန်ဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် မုန်လာဥ တစ်လှည့် ကြိမ်တစ်လှည့် ဗျူဟာကို သေသပ်စွာ ကျင့်သုံးခြင်းဖြင့် ရေရှည်ခံ လက်တွေ့ကျ ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးနိုင်သည်။

မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်ဆိုင်ရာ နိုင်ငံတကာ အကြံပေးကော်မတီမှ အမေရိကန်သံတမန် ဘီလ်ရစ်ချတ်ဆန် အံ့အား သင့်ဖွယ် ရုတ်တရက် နုတ်ထွက်မှုသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာပြဿနာတွင် အရပ်ဘက် အစိုးရ၏ စီမံခန့်ခွဲမှု အခက်အခဲများကို ဝိုင်းရံနေသော အန္တရာယ်ကြီးသည့် အခြေအနေများနှင့် ပတ်သက်၍ သိသာပေါ်လွင်သော သတိပေးမှု တစ်ခုဖြစ်သည်။ ထို့အပြင် စစ်အာဏာရှင်အုပ်ချုပ်မှုဆီသို့ ပြန်လှည့်သွားနိုင်သည့် ချောက်ကမ်း ပါးစွန်းတွင် ယိမ်းယိုင်ရပ်တည်နေသော မြန်မာနိုင်ငံအား တွန်းအားဆက်ပေးရန် ရုန်းကန်နေရသော အမေရိကန် မူဝါဒချမှတ်သူများအတွက် ပြတ်သားသည့် တပ်လှန့်မှုတစ်ခု ဖြစ်သည်။

ဇန်နဝါရီလကုန်ပိုင်းတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် ၎င်းတို့ နိုဝင်ဘာလက သဘောတူထားခဲ့သော ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်သည် နိုင်ငံတကာဥပဒေများနှင့် ကိုက်ညီခြင်းနှင့် အိုးအိမ်မဲ့ ရိုဟင်ဂျာ ခြောက်သိန်းကျော်ကို အကာအကွယ်ပေးခြင်းရှိစေရန် စစ်ဆေးရာတွင် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ပါဝင်ပတ်သက်ရမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကျောက်အကန် ပြောဆိုလျက်ရှိသည်။

မြန်မာအရပ်ဘက် အစိုးရ၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အစိုးရအဖွဲ့သည် ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော အကြံပေးကော်မတီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်နေသည်ဟု ရှင်းလင်းပြောဆိုထားသည်။ မြန်မာစစ်တပ်၏အင်အား အလွန်အကျွံသုံး လက်တုံ့ပြန်သည့် နည်းဗျူဟာများ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်နှင့် ကုလသမဂ္ဂက “လူမျိုးတုံး သန့်စင်မှု”ဟု ခေါ်ဝေါ်သောဖြစ်ရပ်များတွင် စစ်တပ် ပါဝင်ပတ်သက်နေမှုများကိုလည်း ပြစ်တင်ဝေဖန်ရန် သူမက ငြင်းဆန်ထားသည်။

ယခင်အပတ်က ထုတ်ပြန်ခဲ့သော နုတ်ထွက်ကြောင်း ကြေညာချက်တွင် ကုလဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်က “ဤမျှ အရေးကြီးသောကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ်နှင့်အညီ ဦးဆောင်မှု ပျောက်ဆုံးနေသည်”ဟု ဝေဖန်ထားသည်။ ရခိုင်ပြည်နယ်မှ လူအမြောက်အမြား အသတ်ခံရမှုကို သတင်းလိုက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ရိုက်တာသတင်းထောက်နှစ်ဦး၏ ကိစ္စနှင့်ပတ်သက်၍ ၎င်း၏တောင်းဆိုမှုအပေါ် သူမ၏တုံ့ပြန်ပုံကိုလည်း အလွန်အမင်း စိတ်ပျက်မိသည်ဟု ရစ်ချတ်ဆန်က ဆိုသည်။

နိုဝင်ဘာလက တိတ်တဆိတ် ရာထူးနေရာ ရွှေ့ပြောင်းခြင်းမပြုမီအထိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ် မောင်မောင်စိုးကို တိုက်ရိုက်ပစ်မှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို အမေရိကန်ပြည်ထောင်စုက ချမှတ်ထားသည်။ မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူမျိုးများအပေါ် အကြမ်းဖက် တိုက်ခိုက်သည့် ကြောက်မက်ဖွယ်လုပ်ရပ်များကို ပြစ်တင်ရှုတ်ချကြောင်းနှင့် လူသားချင်း စာနာမှုဆိုင်ရာ ဝမ်းနည်းဖွယ်ဖြစ်ရပ်များ  အဆုံးသတ်ရေးတွင် တက်ကြွစွာပါဝင်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းကြောင်း ဖော်ပြထားသည့် ဆုံးဖြတ်ချက်ကို ဂျွန်မက်ကိန်း၊ မာကိုရူဘီယို၊ တင်မ်ကိန်း အစရှိသူတို့ အပါအဝင် ပါတီနှစ်ခုမှ အထက်လွှတ်တော်အမတ်များ (ဆီနိတ်တာများ) က ထုတ်ပြန်ခဲ့ကြသည်။

လတ်တလော အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ဟန်ချက်သည် ယခင် အိမ်ဖြူတော်က တွန်းအားပေးခြင်းမရှိသည့် အနေအထားနှင့် လွှတ်တော်တွင်းရှိ လူ့အခွင့်အရေး လှုပ်ရှားသူများက အရေးယူပိတ်ဆို့မှုများ ချမှတ်ရေးကို ဦးဆောင်လှုပ်ရှားခဲ့ကြသော အနေအထားဆီသို့ ပြန်လှည့်သွားနေသည့် လက္ခဏာရှိသည်။ ၎င်းတို့၏ ယခင်က စံပြုဖွယ်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ကိစ္စများ၏ အဓိက တာဝန်ရှိသူဖြစ်နေသည်ဟု ဆိုနိုင်သည်။

အမေရိကန်မူဝါဒချမှတ်သူများ တိုက်တွန်းနေ သော အရေးယူဆောင်ရွက်မှုသည် ကျယ်ပြန့်သော စီးပွားရေး အရေးယူပိတ်ဆို့မှုများကို အသုံးပြုခြင်း ကြောင့် ဩဇာလွှမ်းမိုးမှုကို မရည်ရွယ်ဘဲ ဆုံးရှုံးသွား ဖွယ်ရှိသည်။ ၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ခုနှစ်များက ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှု (ှညေခအငသညျ) များ သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တိုးတက်မှုကို အနည်းငယ်မျှသာ ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီး အမှန် တကယ်တွင် သာမန် မြန်မာပြည်သူများ၏ ချွတ်ခြုံကျ နွမ်းပါးမှုကို ပိုမိုရှည်ကြာစေသည့်အပြင် စစ်တပ်နှင့် ခရိုနီများကသာ အမြတ်အစွန်းကြီးသော ရေနံ၊ ဓာတ်ငွေ့ သဘောတူစာချုပ်များဖြင့် ပိုမို ကြွယ်ဝသွားကြသည် ဟု အများစုက အမြင်တူညီကြသည်။

ဘရွတ်ကလင်း အင်စတီကျုမှ ပညာရှင် လက်စ်ရိုင်ဖယ်က “ဤအခြေအနေသည် အနောက်နိုင်ငံများနှင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် မြန်မာနိုင်ငံအတွင်းရှိ အရပ်သား သန်းပေါင်း များစွာ၏ဘဝများကို ပိုဆိုးသွားစေခြင်းမရှိဘဲ၊ လူမျိုးတုံးသန့်စင်မှုလုပ်ရပ်တွင် တာဝန်ရှိသော အာဏာပိုင်များကို မည်သို့ပြစ်ဒဏ်ပေးရမည်ဆိုသည်ကို စဉ်းစား ရမည့်အဓိပ္ပာယ်နှစ်ခွထွက်သည့် ပဟေဠိတစ်ခုဖြစ်သည်”ဟု သုံးသပ်ပြောဆိုသည်။

ယခင်က မြန်မာစစ်အစိုးရအပေါ် ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှု (Sanctions) များကို ဦးဆောင်စည်းရုံးခဲ့သူ ဆီနိတ်တာ မစ်ခ်ျမက်ကော်နယ်ကမူ ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှတရာမရောက်ဟု ၎င်းက ရှုမြင်သည့် ဆုံးဖြတ်ချက်အသစ် ချမှတ်ရေးကို ဆန့်ကျင်ကန့်ကွက်လိုက်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို အားပေးရေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် အကြီးမားဆုံး မျှော်လင့်ချက်ထားစရာအဖြစ် ကိုယ်စားပြု ထင်ဟပ်နေဆဲ ဖြစ်သည်ဟု မက်ကော်နယ်က စောဒကတက်သည်။

အမေရိကန်အစိုးရသည် မြန်မာနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်သော လမ်းကြောင်းတစ်ခုကို ထွင်ထားပြီးဖြစ်ရာ အလားအလာရှိသည့် အလယ်အလတ်လမ်းကြောင်းကို ရွေးချယ်ထင်ဟပ်ဖို့လိုသည်။ ဝါရှင်တန်အနေနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘေးသင့်နိုင်သော ပြည်သူများအား ကာကွယ်စောင့်ရှောက်မည့် အစီအစဉ်များကို အကောင်အထည်ဖော်စေရန် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖိအားပေးရင်း၊ တာဝန်ရှိသည့် အာဏာပိုင်များအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများကို တွန်းအားပေး လုပ်ဆောင်နိုင်သည်။ ဤသို့လုပ်ဆောင်ရာတွင် စစ်တပ်ကို ကြံ့ကြံ့ခံ ရပ်တည်ရန်နှင့် ရန်လိုသော၊ စစ်လိုလားသော အရပ်သားအုပ်စုများကို သည်းခံကြရန် တိုက်တွန်းဖျောင်းဖျရန် လိုအပ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီး လူထုတစ်ရပ်လုံး၏ ချစ်ခင်လေးစားမှုကို ရရှိထားသောကြောင့် တိုင်းပြည်နှင့် လူထုအပေါ်တွင် လွန်စွာကြီးမားသော မဟာဩဇာ လွှမ်းမိုးမှုကို ရရှိထားသည်။ သို့ဖြစ်ရာ သူမ၏နှုတ်ဆိတ်နေမှုသည် ရိုဟင်ဂျာများနှင့် နိုင်ငံတကာ မီဒီယာများအပေါ် ရန်လိုစိတ်များ ဖြစ်ပေါ်မှုတွင်ဖြစ်စေ၊ စစ်တပ်ကို ထောက်ခံသော ချီတက်ပွဲများ အပေါ်တွင်ဖြစ်စေ အထူးသဖြင့် အားအင်ကြီးမားသည်။ ဘင်ဒူးနန့်၏ အဆိုအရ မြန်မာနိုင်ငံသည် အထက်အောက် ရာထူးအဆင့်ဆင့်အရ နာခံမှုရှိသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြည်သူများ၏သဘောထားကို အာဏာပိုင်များ၏ စကားလုံးများနှင့် ရပ်တည်မှုများက အဓိက ပုံသွင်းကြသည်။

အမှန်အတိုင်းဝန်ခံရလျှင် ယင်းကဲ့သို့ အယူအဆမျိုးကို ဒေါ်အောင်ဆန်းစုကြည်က ကိုင်စွဲနေသည်ဟု ရှုမြင်မှုမရှိသလောက် နည်းပါးသည်။ သို့ရာတွင် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများထဲမှ ပိုမိုသည်းခံလိုစိတ်၊ တိုးတက်သောအမြင်ကို ကိုင်စွဲလိုစိတ်ရှိသူ ခေါင်းဆောင်များက ပြောသင့်သောအရာကို ထုတ်ဖော်ပြောဆိုလာကြရာ ထိုကဲ့သို့ ဆက်လုပ်သင့်သည်ဟု အချို့က စဉ်းစားကြသည်။ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်လ်က ဒီမိုကရေစီကို လူတစ်ယောက်တည်းဖြင့် တည်ဆောက်၍ မရပါဟု မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ ဒီမိုကရေစီ ယဉ်ကျေးမှုအတွက် အခြေခံအုတ်မြစ်လုပ်ငန်းကို ပြင်ဆင်ခြင်းသည် ကြီးမားသော စိတ်ရှည်သည်းခံမှုနှင့် ပြည်သူ့အရေးတွင် ထိတွေ့ပါဝင်နေသူများအား ထင်သာမြင်သာ အားပေးထောက်ခံမှု နှစ်မျိုးစလုံးကို လိုအပ်သော မျိုးဆက်နှင့်ချီသည့်လုပ်ငန်းစဉ်ဖြစ်သည်။ သို့ဖြစ်ရာ အရပ်ဘက် အသိုင်းအဝိုင်းမှ လှုပ်ရှားသူများ၊ NLD ကွန်ရက်မှ နိုင်ငံရေး ခေါင်းဆောင်များ၊ လာမည့်နှစ်များတွင် တိုင်းပြည်ကို ဦးဆောင်ရန် ထွက်ပေါ်လာမည့် အခြားပါတီများကို အမေရိကန် ပြည်ထောင်စုအနေနှင့် ဆက်လက် အားဖြည့်ပေးရမည်ဖြစ်သည်။

နိုင်ငံတကာ အကဲခတ်လေ့လာသူများ အကြားတွင် ဒေါ်အောင်ဆန်းစုကြည်သည် အများစု ယုံကြည်ထားကြသော ဒီမိုကရေစီ ရုပ်ပြမော်ဒယ်တစ်ဦး မဟုတ်ဟု ရှုမြင်သတ်မှတ်မှု တိုးပွားလာနေသည်။ သို့ရာတွင် တိုင်းပြည်အတွင်း ငြိမ်းချမ်းသော နိုင်ငံရေး အပြောင်းအလဲကို ထောက်ခံအားပေးရာတွင် လက်တွေ့ကျမှုနှင့် အခြားမူဝါဒ ရွေးချယ်စရာများကို ထည့်သွင်း စဉ်းစားရန် လိုလားမှုတို့ကို လိုအပ်သည်။

ရခိုင်ပြည်နယ်မှ ရက်စက်သော လုပ်ရပ်များအတွက် တာဝန်ရှိသူများကို ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှု (Sanctions) များသည် ရှောင်လွှဲ၍မရဘဲ လုပ်ကိုလုပ်ရမည့်အရာများဖြစ်သည်။ သို့ရာတွင် အဆင့်မြင့် မုန်လာဥတစ်လှည့် ကြိမ်တစ်လှည့် (မီးစ ရေမှုတ်၊ ဆုပေး ဒဏ်ပေး၊ ချော့လိုက် ခြောက်လိုက် စသည်ဖြင့် အမျိုးမျိုး ဘာသာပြန်ကြသော်လည်း မုန်လာဥနှင့် ကြိမ်တုတ်သည် ဘာသာပြန်သူအကြိုက် အပြောင်မြောက်ဆုံး စကားလုံးဖြစ်သည်) ဗျူဟာကို အသုံးပြုရာတွင် လက်ရာသေသပ် ကျွမ်းကျင်မှုကို လိုအပ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး အောင်မြင်မှုကို လိုလားသော အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအတွက် ထိတွေ့ဆက်ဆံမှုနှင့် ကန့်ကွက်ဝေဖန်မှုအကြား ဟန်ချက်ညီရန် လိုအပ်သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းမှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအတွက် လက်တွေ့ကျသော ဖြေရှင်းနည်းများကို ထုတ်ဖော်တင်ပြခြင်းဖြင့် စစ်တပ်ကို ရင်ဆိုင် ရပ်တည်ရန် လိုလားသူ၊ တိုင်းရင်းသား လူနည်းစုများအပေါ် သည်းခံရေးကို လက်ခံသူ အလယ်အလတ်ဝါဒီများကို အားဖြည့်ပေးရမည်ဖြစ်သည်။