News

POST TYPE

POPULAR POST

မြောက်ဦးအုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရမှုမှ မိသားစုဝင်လေးဦးကို ဒုတိယအကြိမ် ရမန်ထပ်ယူ
08-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူစုလူဝေးကို အင်အားသုံးဖြိုခွဲမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့သော ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ရန်ကုန်တွင် ဖမ်းမိထားသည့် မိသားစုဝင်လေးဦးကို ဖေဖော်ဝါရီလ ၆ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ခရီးသွား ရမန်ထပ်ယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ရဲလုပ်ငန်းစဉ် မပြီးပြတ်သေးလို့ ရခိုင်ကို မလွှဲပြောင်းပေးရသေးဘူး။ ဒါကြောင့် ဒီမှာပဲ ခရီးသွားရမန်ကို ထပ်ယူထားရတာ။ သန်လျင်မှာ သူတို့ကိုဖမ်းမိချိန် သေနတ်နဲ့ကျည်ပါ သိမ်းဆည်းထားရတာကြောင့် လက်နက်မှုတွေနဲ့ပါ အမှုဖွင့် အရေးယူသွားမှာပါ”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ခရီးသွားရမန်ယူထားသည့် ဦးကျော်မြင့်နှင့် ၎င်း၏ မိသားစုဝင်များကို ဇန်နဝါရီလ ၃၁ ရက်နေ့က မရမ်းကုန်းနှင့် သန်လျင်မြို့နယ်တို့တွင် ဖမ်းမိခဲ့ပြီး ၎င်းတို့ထံမှ မော်တော်ယာဉ်နှစ်စီး၊ ငွေကျပ်သိန်း ၈၅၀ ကျော်နှင့် ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ၉ မမ ကျည်ကိုးတောင့်၊ ကျပ်သိန်း ၅၈၀၀ ကျော် ထည့်ထားသည့် ဘဏ်ငွေစု စာအုပ်တို့ကို သိမ်းဆည်းရမိခဲ့သည်။ 

တိန်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးကျော်မြင့်မှာ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ( Arakan Army) အဖွဲ့က ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး ရှမ်းပြည်နယ်မှ ဘူးသီးတောင်သို့ WY စိတ်ကြွဆေးပြား ၄၄ သန်းကို ကိုးကြိမ် သယ်ဆောင်ရောင်းဝယ်ပေးခဲ့ပြီး ရရှိသည့် ငွေဖြင့် AA အဖွဲ့အတွက် လက်နက်ခဲယမ်းများ ဝယ်ယူစုဆောင်းပေးခဲ့သူ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

လက်ရှိ အချိန်တွင် ဦးကျော်မြင့် မိသားစုဝင်လေးဦးနှင့်အတူ တိန်ညိုကျေးရွာမှ AA နှင့် ဆက်နွယ်နေသူဟု ဆိုသော ရွာသားသုံးဦးကို ဖမ်းဆီးကာ မတရားအသင်း အက်ဥပဒေ ပုဒ်မဖြင့် အမှုဖွင့်ထားပြီး ယင်းအမှုကို ပုဏ္ဏားကျွန်း မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၄၄၀/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ကွင်းဆက်တရားခံများကို ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03

  • VIA