News

POST TYPE

POPULAR POST

အမေရိကန် ဥပဒေအကျိုးဆောင် လုပ်ငန်းစု ဘာ့ကြောင့် မြန်မာကိုကျောခိုင်း
08-Feb-2018


NLM ဘာသာပြန်ဆိုသည်။ 

နယူးယောက် ရှေ့နေလုပ်ငန်း Herzfeld Rubin Meyer & Rose သည် မြန်မာနိုင်ငံတွင် အမှန်တကယ် မဖြစ်သေးသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးမှုကို လွယ်ကူချောမွေ့စေရန် မျှော်လင့်ခဲ့သည်။

အမေရိကန်ရှေ့နေ Eric Rose သည် Herzfeld Rubin Meyer & Rose ရှေ့နေလုပ်ငန်း၏ ဒါရိုက်တာအဖြစ် ငါးနှစ်တာ တာဝန်ယူခဲ့စဉ်အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးခဲ့သည်။ အမေရိကန် ရှေ့နေလုပ်ငန်းသည် မြန်မာနိုင်ငံတွင် အနောက်အုပ်စုသို့ တံခါး စတင်ဖွင့်ပေးသည့်အချိန် ၂၀၁၃ တွင် ရန်ကုန်၌ ပထမဆုံး ရုံးခန်းဖွင့်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်တွင်မူ အံ့အားသင့်ဖွယ် နောက်ပြန်ဆုတ်မှုအဖြစ် ရန်ကုန်ရုံးခန်းကို ပိတ်လိုက်ပြီဟု ကုမ္ပဏီက ကြေညာခဲ့သည်။ သမ္မတဟောင်း ဦးသိန်းစိန်၏ အကြံပေး အင်ဒရူးလျန်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး ဦးကျော်ဟိုးစသော မြန်မာရှေ့နေများ၏ အကူအညီဖြင့် စတင်ခဲ့သော ကုမ္ပဏီသည် လွန်ခဲ့သော ငါးနှစ်အတွင်း ဥပဒေသစ်များ ပြဋ္ဌာန်းရေးတွင် အကူအညီပေးခဲ့သည့်အပြင် ကုန်သွယ်ရေး အမှုအခင်းများအတွက် စံနှုန်းများ သတ်မှတ်ပေးခဲ့ပြီး မြန်မာရှေ့နေ များစွာကိုလည်း လေ့ကျင့်ပေးခဲ့သည်။

အမေရိကန် ကုန်သည်ကြီးများ အသင်းတွင်လည်း ပေါက်ရောက်သော အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Rose သည် မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ အတားအဆီးပုံစံဖြင့် ကျန်ရှိနေသော အရေးယူ ပိတ်ဆို့မှုများကို မမောတမ်း ဝေဖန်ခဲ့သူဖြစ်သည်။ ရန်ကုန်ရုံးခန်းကို ဆက်မထားနိုင်တော့သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ Asia Times မှ ဆောင်းပါးရှင် Peter Jassen အား အောက်ပါအတိုင်း ပြောပြခဲ့သည်။

မေး - ရုံးခန်းပိတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် တော်တော်များများ အံ့အားသင့်သွားကြပါတယ်။ ဘာဖြစ်လို့လဲ။
ဖြေ - ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ ဒီကို အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ယူပေးဖို့ ထပ်ကာထပ်ကာ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု အနည်းငယ်ပဲ ရခဲ့ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေး အရေးယူပိတ်ဆို့မှုတွေ OFAC  (၂၀၁၆ အောက်တိုဘာတွင် ရုပ်သိမ်းခဲ့)ဟာ အဓိက အတားအဆီးပါပဲ။

ဒါပေမဲ့ ဒီပိတ်ဆို့မှုက ယနေ့အထိ ကျန်ရှိနေတဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးကွန်ရက် FinCEN က စီမံခန့်ခွဲနေတဲ့ ပိုမိုကျယ်ပြန့်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေနဲ့ သီးခြားစီဖြစ်ပါတယ်။

အမေရိကန် Sanctions တွေ ရုပ်သိမ်းသွားပြီး ခြောက်နှစ်ကြာတဲ့အထိ မြန်မာနိုင်ငံမှ အမေရိကန်ဘဏ်တွေက ငွေကြေးကုန်သွယ်မှု မလုပ်သေးပါဘူး၊ ငွေကြေး ရင်းနှီးမြှုပ်နှံမှုလည်း မရှိပါဘူး၊ ဘယ်အမေရိကန်ကုမ္ပဏီမှလည်း မရှိသေးပါဘူး။ အမေရိကန်ဘဏ်တွေက မြန်မာနိုင်ငံမှ တိုက်ရိုက်ငွေလွှဲတာကို လက်မခံတဲ့အတွက် ကျွန်တော့်ကုမ္ပဏီဆိုရင် အမေရိကန်ကို အမြတ်ဝေစု ပြန်လွှဲပေးလို့ မရပါဘူး။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ချန်ထားတာ အမေရိကန် တစ်နိုင်ငံပဲ ရှိပါတော့တယ်။ မမျှော်လင့်ဘဲ ဒေါ်လာနဲ့ ကုန်သွယ်မှု အများစုကတော့ အမေရိကန်ဘဏ် ဒါမှမဟုတ် အမေရိကန်မှာ ဖွင့်ထားတဲ့ဘဏ်တွေကတစ်ဆင့် သွားနေပါတယ်။

မေး - ရိုဟင်ဂျာကိစ္စကြောင့် ဒီ Sanctions တွေ မကြာမီအတွင်း ရုပ်သိမ်းဖို့ ဖြစ်နိုင်ပါ့မလား။
ဖြေ - ဒါက သုံးချောင်းထောက် ကုလားထိုင်လိုပါပဲ။ Sanctions တွေက ခြေထောက်တစ်ချောင်းပေါ့။ ကျွန်တော်တို့ရဲ့ အခြေခံကျတဲ့ အမေရိကန် SME ကုမ္ပဏီတွေနဲ့ လူသိရှင်ကြား အများဆုံး ကုန်သွယ်နေတဲ့ ကုမ္ပဏီတွေအတွက် အကျပ်ရိုက်စေတဲ့ ဂုဏ်သတင်းဆိုင်ရာ ပြဿနာမျိုးကို ဖြစ်စေတဲ့ ရခိုင်ပြည်နယ်ကိစ္စကတော့ ဒုတိယခြေထောက်ပေါ့။
တစ်နည်းပြောရရင် မြန်မာနိုင်ငံနေရာတချို့မှာ မွတ်ဆလင်တွေကို ဆန့်ကျင်တဲ့ အဓိကရုဏ်းတွေ ဘာကြောင့်ဖြစ်နေသလဲ၊ ဘာကြောင့် ခွဲခြားဆက်ဆံမှုတွေ ရှိနေသလဲ၊ တချို့ တိုင်းရင်းသားတွေနဲ့ ဘာကြောင့် ပြည်တွင်းစစ်ဆက်ဖြစ်နေသလဲဆိုတာကို တချို့က ရှင်းလင်းချက် ပေးနေကြပေမယ့် မြန်မာရာဇဝင်ကို အစကနေ နားလည်သဘောပေါက်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ လက်ရှိ ပတ်သက်မှုကိုသိရှိဖို့ အချိန်ပေးနေတဲ့သူဆိုရင်တော့ အတိုင်းအတာတစ်ခုအထိ ရှင်းပြနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ နှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့တဲ့ပြဿနာကို အကျိုးသင့် အကြောင်းသင့် ရှင်းပြဖို့ နည်းလမ်းမရှိပါဘူး။ ပထမတစ်ကြိမ်က ၂၀၁၆ အောက်တိုဘာလမှာ ဖြစ်ခဲ့ပြီး ဩဂုတ်လမှာ နောက်တစ်ကြိမ် ဖြစ်ခဲ့တယ်။ တပ်မတော်ရဲ့လုပ်ရပ်တွေနဲ့ ARSA လို အခြားအဖွဲ့တွေရဲ့လုပ်ရပ်တွေဟာ လူပေါင်းတစ်သန်းရဲ့ လေးပုံသုံးပုံလောက်ကို ဒုက္ခသည်တွေ ဖြစ်သွားစေတဲ့ အကြောင်းရင်းတွေမှာ ပါဝင်ခဲ့တယ်။ ဒါက ဒုတိယခြေထောက်ပေါ့။

တတိယခြေထောက်ကတော့ အရင်အစိုးရရဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒတွေကို ပြုပြင်ပြောင်းလဲမယ်၊ နိုင်ငံတကာ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို လုံခြုံမှုပေးပြီး ဘဏ်လုပ်ငန်းနဲ့ အာမခံဈေးကွက်ကို ပြုပြင်ပြောင်းလဲမယ်၊ ပြည်တွင်းနဲ့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေကို တန်းတူယှဉ်ပြိုင်ခွင့်ပေးခြင်းအားဖြင့် ဒေသတွင်းပြိုင်ဘက်တွေကို ခုန်ပျံကျော်လွှားနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှု ဦးစားပေးမူဝါဒတွေ ချမှတ်မယ် အစရှိတဲ့ မျှော်လင့်ချက် တပုံတပင်နဲ့ လွန်ခဲ့တဲ့ ၂ နှစ်က အာဏာရလာတဲ့ လက်ရှိအစိုးရရဲ့ ပြည်တွင်း စီးပွားရေးမူဝါဒတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုအချိန်အထိ ဒီအစီအစဉ်တွေ တကယ် ဖြစ်မလာသေးပါဘူး။ ဒါက စစ်တပ်နဲ့ ခရိုနီတွေက နှောင့်ယှက်ဟန့်တားနေတာကြောင့်ချည်း မဟုတ်နိုင်ပါဘူး။ ကျွန်တော့်အမြင်ကတော့ အစိုးရရဲ့ မလုပ်ကိုင်မှုသက်သက်ကြောင့်လို့ ထင်ပါတယ်။

၂၀၁၆ ဇွန်လတုန်းက မြန်မာအစိုးရအတွက် “အလွယ်တကူ ဆွတ်ခူးနိုင်တဲ့ အသီးအပွင့်များ”ဆိုတဲ့ အကြံပြု အစီရင်ခံစာ တစ်ထပ်ကြီးကို ကျွန်တော် ပူးတွဲ ရေးသားခဲ့ပြီး အမေရိကန် ကုန်သည်ကြီးများအသင်းက ထုတ်ဝေပေးခဲ့ပါတယ်။ အဓိကအချက်က တခြားနိုင်ငံများစွာမှာ ကျွန်တော်တို့လုပ်ခဲ့သလိုပဲ အကြံပြုချက်တွေ ပေးထားတယ်၊ အကောင်အထည်ဖော်ဖို့ ကူညီမယ်ပေါ့။ ဒါပေမဲ့ ဒီအကြံပြုချက်တွေကို လိုက်ပါဆောင်ရွက်မှု မရှိခဲ့ဘူး။

နိုင်ငံခြားသားတွေကို မယုံကြည်လို့ပဲလား။ ဒါမှမဟုတ် ဒီနေ့ မြန်မာနိုင်ငံမှာ စီးပွားရေးကဏ္ဍဟာ အစိုးရရဲ့ ပံ့ပိုးကူညီမှု၊ အခြေခိုင်တဲ့ ဥပဒေစိုးမိုးမှုအပေါ် အခြေခံပြီး မှန်းဆဖို့ လွယ်ကူတဲ့ ထိန်းသိမ်းကွပ်ကဲမှု မူဘောင်ကို လိုအပ်တယ်ဆိုတဲ့အချက်ကို နားမလည်လို့ပဲလား။ ကျွန်တော် မသိတော့ပါဘူး။ တကယ်တော့ ရှင်းရှင်းလေးပါ။ ပြည်တွင်း ပုဂ္ဂလိကကဏ္ဍက ဒါတွေ အားလုံးကို သူတစ်ဦးတည်း မလုပ်နိုင်ပါဘူး။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ အခြားတိုင်းပြည်တွေမှာ အထူးသဖြင့် ၁၉၉၀ အလွန် အရှေ့ ဥရောပမှာ ကျွန်တော်တို့ရခဲ့တဲ့ အတွေ့အကြုံတွေအရဆိုရင် အစိုးရကအားလုံးအပေါ် တန်းတူကျင့်သုံးမယ့် စည်းကမ်းတွေကို ချမှတ်ပေးလိုက်ပြီး ဥပဒေစိုးမိုးမှု ပတ်ဝန်းကျင်ထဲကို မောင်းသွင်းလိုက်တဲ့အခါ အများစုက ကျင့်သားရသွားကြပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြည်တွင်းကစနစ်ကျတဲ့ လုပ်ငန်းတွေ အတူတကွ ရှင်သန်နိုင်ခဲ့ကြပါတယ်။

မေး - ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဘာက ပိုဆိုးသွားသလဲ။
ဖြေ - အစိုးရရဲ့ အနိမ့်ပိုင်းအလွှာတွေ တစ်နည်း ပြောရရင် တပ်မတော်ကထိန်းချုပ်ထားတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ခံ ဗျူရိုကရေစီအုပ်ချုပ်ရေး ယန္တရားမှာ အဂတိလိုက်စားမှု ရှိနေတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရဝန်ထမ်းတွေ အားလုံးကတော့ မီးရောင်အောက်မှာ ကြက်သေသေနေကြတယ်လို့ ဆိုရမယ်။ အခြေခံ အကြောင်းရင်းကတော့ အထက် အာဏာပိုင်တွေ ခွင့်မပြုတဲ့ကိစ္စမျိုးတွေကို ဆောင်ရွက်ပေးတဲ့အခါ ရလေ့ရှိတဲ့ အပိုကြေး မရှိတော့လို့ပါပဲ။

ဒီတော့ လုပ်ငန်းစဉ်က ပိရမစ်နဲ့ ဆင်တူတဲ့အတွက် ပုံမှန် စီးပွားရေးလမ်းကြောင်းမှာ အထူးခွင့်ပြုချက်တွေ မရနိုင်တော့ပါဘူး။ လုပ်ငန်းခွင့်ပြုချက်ရဖို့ ထိပ်ဆုံးကိုလည်း လုံးဝသွားလို့ မရတော့ပါဘူး။

မေး - ပုဂ္ဂလိက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လုပ်ကိုင်မယ့် ဓာတ်အားပေးစက်ရုံသစ် လေးခုတည်ဆောက်ဖို့ အစိုးရက မကြာသေးခင်က ခွင့်ပြုခဲ့တယ် မဟုတ်လား။
ဖြေ - ဟုတ်တယ်။ ဒါပေမဲ့ ခွင့်ပြုချက်ပေးတဲ့အရာနဲ့ အမှန်တကယ် တည်ဆောက်မယ့်အရာကြားမှာ ကွဲလွဲမှု အချို့ရှိတယ်။ အရင်အစိုးရလက်ထက်မှာ ခွင့်ပြုချက်ပေးတဲ့ စီမံကိန်းနဲ့ အကောင်အထည်ဖော်တဲ့ စီမံကိန်းတွေ မှန်မှန်ထွက်ပေါ်ခဲ့တယ်။ ဒီလို မှန်မှန်ထွက်ပေါ်မှု မျိုးကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ မတွေ့ခဲ့ရဘူး။ အကျိုးဆက်အနေနဲ့ ဆောင်းရာသီနဲ့ နွေရာသီမှာ ဓာတ်အား ပြတ်တောက်မှုတွေ များလာတာကို မြင်တွေ့နေရတယ်။

မေး - အစိုးရက ကုမ္ပဏီများ အက်ဥပဒေကို မကြာသေးမီက ပြင်ဆင်ပေးခဲ့တယ်လေ။ ဒါကရင်းနှီးမြှုပ်နှံမှုနယ်ပယ်အတွက် တိုးတက်မှု မဟုတ်ဘူးလား။
ဖြေ - ဟိုနည်းနည်း ဒီနည်းနည်း တိုးတက်မှုတော့ ရှိတာပေါ့။ ဒါပေမဲ့ အလယ်အူတိုင်ကို တည့်တည့်ကြည့်ရအောင်။ ကြိုဆိုထိုက်တဲ့ အဓိက အပြောင်းအလဲက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူက ပြည်တွင်းကုမ္ပဏီရဲ့ စတော့ရှယ်ယာကို ၃၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့် ရှိလာတယ်။ ဒီအတွက် ကုမ္ပဏီ အမျိုးအစား သတ်မှတ်ချက် ပြောင်းစရာ မလိုတော့ဘူး (အရင် ၂၀၁၄ အက်ဥပဒေအရဆိုရင် ၁ ရာခိုင်နှုန်း ပါဝင်ရုံနဲ့တင် နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ်ခံရတယ်)။ ဒီတော့ ဒီကုမ္ပဏီဟာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို တားမြစ်ထားတဲ့ စီးပွားရေး ကဏ္ဍတွေဆီ ဝင်ရောက်လုပ်ကိုင်နိုင်ပြီပေါ့။

ပြဿနာက ဥပဒေသစ်မှာ ရှယ်ယာလွှဲပြောင်း ဆက်ခံခွင့် စည်းကမ်းတွေကို စတင်မိတ်ဆက်ပေးပြီး အရင်ကမရှိတဲ့ အနည်းစုရှယ်ယာရှင်တွေအတွက် ရပိုင် ခွင့်တွေကို ထည့်သွင်းပေးထားပေမယ့် အရင်ကရရှိ နိုင်တဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ နစ်နာကြေးတွေကို မရနိုင်တော့ပါဘူး။ အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာဆိုရင် ဆုံးရှုံးနစ်နာတဲ့ ရှယ်ယာရှင်က အစိုးရဌာနကို အသနားခံစာ တင်ခွင့်ရှိပေမယ့် ဒီမှာတော့ မရှိပါဘူး။

ဒီအချက်က ဥပဒေသစ်မှာ မပါဝင်ပါဘူး။ အကျိုးဆက်ကတော့ အနည်းစု ရှယ်ယာရှင်တွေဟာ တရားရုံးမှာပဲ တိုင်ကြားခွင့် ရှိတော့မှာပါ။ စိတ်မကောင်းစရာက ကျွန်တော်တို့ကိုယ်တိုင်တွေ့ကြုံမှုအရ မြန်မာတရား ရုံးတွေဟာ အနည်းစုရှယ်ယာရှင်တွေ ပတ်သက်တဲ့ ကိစ္စတွေကို ဆုံးဖြတ်ရာမှာ အကြောင်းအမျိုးမျိုးကြောင့် နည်းစနစ်တွေ ချို့တဲ့နေပါတယ်။
ပထမအချက်က လက်ရှိဥပဒေတွေကို လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ချမှတ်ထားခဲ့ပေမယ့် ဒီဥပဒေ အမျိုးအစားကို တရားရုံးတွေက အတွေ့အကြုံမရှိကြ ပါဘူး။ တရားလွှတ်တော်နဲ့ ရှေ့နေချုပ်ရုံးမှာတောင် လမ်းညွှန်ချက် မရှိပါဘူး။ အဆိုးဆုံးကတော့ တရားစီရင် ရေးစနစ်မှာ ပြီးခဲ့တဲ့ ၅၅ နှစ်လုံးလုံး အထက်က “ဘာလုပ်လိုက်ပါ” လို့ ညွှန်ကြားတာကိုပဲ စောင့်ခဲ့ကြရတဲ့အတွက် ဒီနေ့ကာလမှာ ဥပဒေရဲ့ သီးခြားပုဒ်မတွေကို ကျင့်သုံးရာမှာ မြေစမ်းခရမ်းပျိုး လမ်းသစ်ဖောက်ဖို့ အစွမ်းမရှိဘူးလို့ သူတို့ထဲက တချို့က ထုတ်ပြောခဲ့ကြတာပါပဲ။
ဒီတော့ လိုက်ပါလုပ်ဆောင်ဖို့ အရင်ကျင့်ထုံးလည်းမရှိ၊ ဒီကိစ္စမျိုးတွေအတွက် သင်တန်းပေးခြင်း လည်းမရှိ၊ တရားလွှတ်တော်နဲ့ ရှေ့နေချုပ်ရုံးရဲ့ လမ်း ညွှန်ချက်လည်းမရှိတဲ့ အနေအထားမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက သူတို့အတွက် တရားရုံးမှာ ကာကွယ်ပေးတဲ့ နည်းလမ်းရှိတယ်လို့ ခံစားရပါ့မလားဆိုတဲ့ အချက်ဟာ တကယ်ကို မေးခွန်းထုတ်စရာကိစ္စ ဖြစ်နေပါတယ်။

မေး - အခုထိ မခူးဆွတ်နိုင်သေးတဲ့ “အလွယ်တကူ ဆွတ်ခူးနိုင်သော အသီးအပွင့်များ”ကို နမူနာတစ်ခုလောက် ပြောပါဦး။
ဖြေ - အာမခံဈေးကွက်ပါ။ ဒါက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို တားမြစ်ထားတဲ့ကဏ္ဍ မဟုတ်ပါဘူး။ ပြီးတော့ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြား အာမခံကုမ္ပဏီတွေကိုလည်း လုပ်ကိုင်ခွင့် မပေးသေးပါဘူး။ ကောင်းစွာ ကြပ်မတ်ထားတဲ့ ဈေးကွက်ထဲကို သူတို့ကို ဝင်ခွင့်ပေးလိုက်မယ်ဆိုရင် ဒီမှာ ပြည်တွင်းမူဝါဒတွေအရ ကျပ်ငွေကို ပေးသွင်းရတဲ့အတွက် အစိုးရ ငွေတိုက်စာချုပ်တွေမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အပိုအလျှံ ကျပ်ငွေတွေ အမြောက်အမြား စုဆောင်းရရှိမှာ ဖြစ်ပါတယ်။ ဥပမာ - ဗီယက်နမ်မှာဆိုရင် အာမခံဈေးကွက်ဟာ ဗီယက်နမ်အစိုးရရဲ့ ပြည်တွင်းထုတ်ချေးငွေ ၂၅ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။

အခုတော့ ဒီမှာ ပြည်တွင်း ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၁ ခုနဲ့ နိုင်ငံပိုင် မြန်မာ့ အာမခံလုပ်ငန်းလောက်ပဲရှိပါတယ်။ သူတို့အားလုံးဟာ တူညီတဲ့ မူဝါဒ၊ တူညီတဲ့နှုန်းထားတွေနဲ့ လုပ်ကိုင်နေကြတဲ့အတွက် အများကြီး ခြားနားမှု မရှိပါဘူး။ အကျိုးဆက်ကတော့ အာမခံဈေးကွက် တစ်ခုလုံးရဲ့ တန်ဖိုးဟာ ဒေါ်လာသန်း ၅၀ လောက်ပဲ ရှိပါတယ်။ ဗီယက်နမ်မှာဆိုရင် ဒေါ်လာ ၁.၈ ဘီလီယံလောက် ရှိပါတယ်။

မေး - ဗီယက်နမ်မှာကော စီးပွားရေး ပြုပြင်ပြောင်းလဲမှုက ဆယ်စုနှစ်တွေချီပြီး ကြာခဲ့သလား။
ဖြေ - ပြုပြင်ပြောင်းလဲမှုတိုင်းမှာ အခြေခိုင်တဲ့ အစီအစဉ်၊ ထိရောက်တဲ့ အကောင်အထည်ဖော်မှု၊ စိတ်ရှည်သီးခံမှုနဲ့ မှန်မှန် တိုးတက်မှုတွေ လိုအပ်ပါတယ်။ “တောင့်ထားကြကွ”လို့ ဝင်စတန်ချာချီ ပြောခဲ့သလိုပေါ့။ အရာအားလုံးက အချိန်ယူဖို့ လိုပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေကို စကားလုံးနဲ့ မဟုတ်ဘဲ လက်တွေ့ တာဝန်ယူတတ်တဲ့ အစိုးရမျိုးကိုလည်း လိုအပ်ပါတယ်။

Ref: Asia Times