News

POST TYPE

POPULAR POST

နတ်မောက် ဗိုလ်ချုပ်နေအိမ်ရှိ ဗိုလ်ချုပ်ပုံတူ ဆီလီကွန်ရုပ်တုမှ အဝတ်အစားများ ပထမဦးဆုံးအကြိမ် လဲလှယ်
18-Jul-2016

နတ်မောက်၊ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ရှိ ဗိုလ်ချုပ်ပုံတူ ဆီလီကွန်ရုပ်တု၌ ဝတ်ဆင်ထားသော အဝတ်အစားများကို ဇူလိုင်လ ၁၄ ရက်နေ့က ပထမဦးဆုံးအကြိမ် လဲလှယ်ခဲ့ကြောင်း ယင်းပြတိုက်ရှိ ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ပြတိုက်တာဝန်ခံ ဒေါ်မေမဉ္ဇူက ပြောကြားသည်။
“ရာပြည့်ပွဲတော်ကတည်းက ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေဆိုတော့ ဖုန်တွေနဲ့ ညစ်ပေနေပြီ။ ဒီနှစ်မှာ လာကြည့်မယ့်သူတွေ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး တစ်နှစ်နဲ့လေးလ အကြာမှာ အဝတ်အစားတွေ လဲခဲ့တာပါ” ဟု ၎င်းက ရှင်းပြသည်။

ယခုလဲလှယ်ခဲ့သည့် အဝတ်အစားများအား ရုပ်တုပြုလုပ်စဉ်က ဝတ်ဆင်ထားသည့်အတိုင်း အရောင်နှင့် အဆင်ကအစ အတူတူပင် ဖြစ်ကြောင်း၊ ယခုဝတ်ဆင်ထားသည့် ပုဆိုးနှင့် အင်္ကျီကို နတ်မောက်မြို့ ဈေးရပ်ကွက်တွင် နေထိုင်သော ဦးကျော်စွာထွန်းနှင့် ဇနီး ဒေါ်သင်းသင်းစိုးတို့ မိသားစုက လှူဒါန်းခဲ့သည်ဟု အဝတ်ပုဆိုးများ လဲလှယ်စဉ်က ပါဝင်ခဲ့သူ ဦးမောင်ကြိုင် (မြေစာရင်း/ငြိမ်း) က ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်ရုပ်တုကို ဗိုလ်ချုပ်နှစ်တစ်ရာပြည့်ပွဲတော် ကျင်းပချိန်က ထားရှိခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့မှ ဆီလီကွန်ရုပ်တု ပြုလုပ်သည့် ပညာရှင် ဦးအောင်ကျော်ထွန်းက ဖန်တီးပေးခဲ့ခြင်း ဖြစ်ကြောင်း နတ်မောက်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသောင်းရွှေက ရှင်းပြသည်။
“အဲဒီတုန်းက ကိုအောင်ကျော်ထွန်း အကူအညီနဲ့ဆိုတော့ ၁၀ သိန်းပဲ ကုန်တယ်။ အခု ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်နေအိမ် ပြတိုက်အတွက် ထုတဲ့ ရုပ်တုဆိုရင် ၁၅ သိန်း ရှိတယ်လို့ သိရတယ်” ဟု ဦးသောင်းရွှေက ပြောဆိုသည်။

နတ်မောက်မြို့ရှိ ဗိုလ်ချုပ်နေအိမ်ကို ဗိုလ်ချုပ်နှစ်တစ်ရာပြည့်ပွဲအပြီး ကာလများမှ စတင်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူအများ လာရောက်လေ့လာခဲ့ရာ လေ့လာသူ အများစုသည် ဗိုလ်ချုပ်စာဖတ်နေဟန် ဆီလီကွန်ရုပ်တုနှင့် အတူယှဉ်တွဲ၍ လည်းကောင်း၊ ဗိုလ်ချုပ်ကို ကန်တော့နေဟန်ဖြင့် လည်းကောင်း အမှတ်တရဓာတ်ပုံ ရိုက်လေ့ရှိကြောင်း နတ်မောက်လူငယ်ကွန်ရက် ခေါင်းဆောင် ဦးမျိုးခိုင်က ပြောကြားသည်။